ကျွန်မမောင်လေး ပေါလ်သည် ငယ်စဉ်ကတည်းက ပြင်းထန်သော ဝက်ရူးပြန်ရောဂါခံစားခဲ့ရသည်။ သူဆယ်ကျော်သက်အရွယ်ရောက်လာချိန်တွင် ရောဂါပိုဆိုး လာသည်။ တစ်ခါတက်လျှင် ၆ နာရီကျော် ကြာအောင် တက်တတ်သည့်အတွက် ညဘက်များတွင် သူရော မိဘများရော အင်မတန်ဒုက္ခကြီးခဲ့သည်။ ဆရာဝန်များ ကလည်း သူ့ကို အနည်းဆုံးနေ့တစ်ဝက်ခန့် နိုးနိုးကြားကြားရှိအောင်ထိန်းထားနိုင်သော်လည်း ရောဂါသက်သာစေမည့်ကုထုံးကို ရှာမတွေ့ခဲ့ပါ။ ထိုကြောင့် ကျွန်မ မိဘများမှာ “အို ဘုရားရှင်ကယ်မတော်မူပါ ” ဟုသာ ဆုတောင်းရတော့သည်။

သူတို့ စိတ်ဓာတ်ချုံးချုံးကျပြီး ခန္ဓာပင်ပန်းနွမ်းနယ်နေသော်လည်း ပေါလ်နှင့် ကျွန်မမိဘတို့သည် ဘုရားသခင်ထံမှ နေ့ရက်တိုင်းအတွက် လုံလောက်သောခွန်အားကို ရရှိခဲ့ကြသည်။ အထူးသဖြင့် ကျွန်မမိဘများသည် ယေရမိမြည်တမ်းစကားအပါအဝင် သမ္မာကျမ်းစာမှ ငြိမ်သက်ခြင်းခံစားခဲ့ရသည်။ ယေရမိသည် ဘာဗုလုန်စစ်တပ်များကြောင့် ပျက်စီးသွားသော ယေရုရှလင်မြို့ အတွက် “အကျွန်ုပ် … ဒေါနနှင့် သည်းခြေအရည်ကိုလည်းကောင်း အောက်မေ့တော် မူပါ” (၃:၁၉) ဟု ညည်းတွားပူဆွေးခဲ့သည်။ သို့သော် ယေရမိသည် မျှော်လင့်ခြင်း မပျက်ခဲ့ပါ။ ယေရမိရော ကျွန်မမိဘများသည် နံနက်တိုင်းအတွက် ဘုရားသခင် ပြင်ဆင်ပေးသောကရုဏာအသစ်ကိုသာ အလေးထားသိမှတ်ခဲ့သည် (:၂၃)။

မည်သည့်အမှုအရေးကို ရင်ဆိုင်ရသည်ဖြစ်စေ နံနက်တိုင်းတွင် ဘုရား၏ သစ္စာတော်တည်ကြောင်း သိမှတ်ပါ။ နေ့ရက်တိုင်းတွင် ကျွန်ုပ်တို့၏ခွန်အားများ ကို အသစ်ဖြစ်စေကာ မျှော်လင့်ခြင်းများပေးသည်။ တစ်ခါတစ်ရံ ကျွန်မ၏မိသားစုဝင်များအတွက် သက်သာမှုကိုပါ ဆောင်ကြဉ်းပေးသေးသည်။ နှစ်အတန်ကြာပြီးနောက် ပေါလ်၏ ညစဉ်ခံစားရသည့်ရောဂါကို ပျောက်ကင်း သက်သာစေသည့် ဆေးဝါးသစ်တစ်မျိုး ပေါ်လာသဖြင့် မိသားစုအတွက် အိပ်စက်ခွင့်နှင့် အနာဂတ်မျှော်လင့်ချက်တို့ ပြန်ရခဲ့သည်။

စိတ်ပျက်အားလျော့ခံစားရစဉ် ဘုရားရှင်၏ ကရုဏာတော်သည် နေ့ရက်တိုင်းအတွက် အသစ်ဖြစ်သည်ဆိုသော ကတိတော်ကို အောက်မေ့ကြပါစို့။ AMY BOUCHER PYE