တရုတ်ဒဏ္ဍာရီအရ Sai Weng (စိုင်းဝမ်)သည် သူ၏အဖိုးတန်မြင်းများထဲမှ တစ်ကောင် ပျောက်ဆုံးသွားသည့်အခါ သူ့အိမ်နီးချင်းက သူ့ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြောင်း ဖော်ပြသည်။ သို့သော် Sai Weng ကတော့ မမှုပါ။ သူက “ဒါဟာ ငါ့အတွက် ကောင်းတဲ့ကိစ္စဖြစ်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ” ဟု ပြောပါသည်။ ထူးဆန်းစွာပင် ပျောက်သွားသည့်မြင်းက နောက်မြင်းတစ်ကောင်နှင့်အတူ အိမ်သို့ ပြန်ရောက်လာသည်။ အိမ်နီးချင်းက ဝမ်းသာစကားပြောသောအခါ သူက “ဒါဟာ ငါ့အတွက် မကောင်းတာဖြစ်လာနိုင်တယ်ဆိုတာ ဘယ်သူသိမှာလဲ”ဟု ပြောပြန်သည်။ ဖြစ်ချင်တော့ သူ့သားသည် မြင်းအသစ်ကိုစီးရင်း ထိခိုက်ဒဏ်ရာရပြီး ခြေကျိုးသွားသည်။ ကံဆိုးမှုဟုထင်ရသော်လည်း စစ်တပ်မှ တိုက်ပွဲဝင်ရန် သန်စွမ်းသောယောကျ်ားများကို လာရောက် စည်းရုံးပြီး တပ်သားသစ်စုဆောင်း သောအခါ ဒဏ်ရာရနေသောသားမှာ အရွေးမခံရသောကြောင့် စစ်မြေပြင်၌ ကြုံရမည့် အသက်ဘေးမှ ချမ်းသာရာရရှိခဲ့သည်။

၎င်းသည် အခက်အခဲသည် ရုပ်ဖျက်ထားသောကောင်းချီးမင်္ဂလာ ဖြစ်နိုင်သလို ကောင်းကျိုးသည်လည်း အမင်္ဂလာဖြစ်နိုင်ကြောင်း သွန်သင်ထားသော တရုတ်စကားပုံ၏နောက်ခံဇာတ်လမ်းဖြစ်သည်။ ဤရှေးခေတ် အတွေးအခေါ်သည် ဒေသနာကျမ်း ၆:၁၂ မှ “လူ၌ကျေးဇူးပြုတတ်သောအရာကို အဘယ်သူသိနိုင်သနည်း” ဟူသောဒေသနာဆရာ၏ဖော်ပြချက်နှင့် အနီးစပ်ဆုံး နှိုင်းယှဉ်မှုတစ်ခုဖြစ်သည်။ စင်စစ် ရှေ့အနာဂတ်တွင် ဘာဖြစ်မည်ကို မည်သူ တစ်ဦးတစ်ယောက်မျှ မသိကြပါ။ အခက်အခဲပြဿနာများက အကျိုးကျေးဇူးများ ဖြစ်နိုင်သလို၊ ကြွယ်ဝခြင်းများကလည်း ဆိုးကျိုးကို ဖြစ်စေနိုင်ပါသည်။

နေ့ရက်တိုင်းသည် အခွင့်အရေးအသစ်များ၊ ပျော်ရွှင်စရာများ၊ ရုန်းကန်မှု များနှင့် ဒုက္ခဆင်းရဲခြင်းများကို ပေးနေသည်။ ဘုရားချစ်သော သားသမီးများ ဖြစ်သည့်အလျောက် သူ၏အစိုးပိုင်မှု၌ ငြိမ်ဝပ်စွာနေကာ ကောင်းသော၊ ဆိုးသော အချိန်နှစ်ခုစလုံးတွင် ဘုရားသခင်ကို ယုံကြည်စိတ်ချနိုင်ပါသည်။ ဘုရားသခင် သည် ကောင်းစားခြင်းနှင့်ဆင်းရဲခြင်းကို အလှည့်လှည့် ပေးပါသည် (၇:၁၄)။ ဘဝ၏အဖြစ်အပျက်တိုင်းတွင် ဘုရားရှင်သည် ကျွန်ုပ်တို့နှင့်အတူရှိပြီး သူ၏ ချစ်ခြင်းမေတ္တာ၊ စောင့်ရှောက်မှုကတိတော်များ ပေးထားပါသည်။ POH FANG CHIA