လွန်ခဲ့သောနှစ်များစွာက ကျွန်တော့်သားဂျော့ရှ်နှင့်ကျွန်တော်တို့ တောင်တက်ကြစဉ် လေထုထဲ၌ ဖုန်ထနေသည်ကို လှမ်းတွေ့လိုက်သည်။ ကျွန်တော်တို့ရှေ့ဆက်သွားသောအခါ ခွေးတူဝက်တူလေးတစ်ကောင်မှာ အမှိုက်ပုံတွင် တွင်းတူးကာ အလုပ်ရှုပ်နေကြောင်း တွေ့လိုက်ရသည်။ သူ့ခေါင်းနှင့်ပခုံးသည် တွင်းထဲတွင်ရှိပြီး ရှေ့လက်များဖြင့် အားသွန်ခွန်စိုက်မြေတူးရင်း နောက်ခြေက တွင်းထဲမှ ဖုန်အမှိုက်သရိုက်များကို အပြင်သို့ယက်ထုတ်သည်။ သူ့အလုပ်ထဲ၌ အလွန်အာရုံစူးစိုက်နေသောကြောင့် ကျွန်တော်တို့ရောက်လာသည်ကိုပင် မကြားပါ။

ကျွန်တော်သည် အနီးအနားရှိ တုတ်ရှည်နှင့် အကောင်လေးကို အနောက်မှ တို့လိုက်သည်။ ၎င်းကို အနာတရဖြစ်အောင် မလုပ်မိသော်လည်း ခွေးတူဝက်တူ လေးက လေထဲသို့မြှောက်ခုန်သွားပြီး ကျွန်တော်တို့ဘက်သို့ လှည့်လာရာ သားအဖနှစ်ဦးသားမှာ ကိုက်တစ်ရာအကွာအဝေးသို့ ကမ္ဘာ့စံချိန်သစ်တင်မတတ် တစ်ဟုန်ထိုး ပြေးခဲ့ရလေတော့သည်။

ထိုသို့ကသောကမျောပြေးရခြင်းမှ တစ်ခါတစ်ရံ သူတစ်ပါးကိစ္စကို ဝင်ရောက်မစွက်ဖက်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း သင်ခန်းစာရရှိခဲ့သည်။ သခင်ယေရှုကို ယုံကြည်သူချင်း – အခြားခရစ်ယာန်များနှင့် ဆက်ဆံရေးတွင်လည်း ထိုအချက်က အထူးသဖြင့် မှန်ပါသည်။ တမန်တော်ကြီးရှင်ပေါလုက ကောရိန္သု အသင်းသားများအား “ငြိမ်ဝပ်စွာနေ၍ ကိုယ်အမှုကိုဆောင်ရွက်လျက် ကိုယ်လက် နှင့် လုပ်ဆောင်ခြင်းငှာ စေတနာစိတ်နှင့် ကြိုးစားအားထုတ်မည်အကြောင်း” တိုက်တွန်းသွေးဆောင်ထားပါသည် (၁ သက် ၄:၁၂)။ အခြားသူများအတွက် ဆုတောင်းပေးရန်၊ ဘုရားရှင်၏ကျေးဇူးတော်အားဖြင့် နှုတ်ကပတ်တော်ကို ဝေငှ ရန်နှင့် တစ်ခါတစ်ရံ နူးညံ့သိမ်မွေ့စွာဖြင့် ဆုံးမပဲ့ပြင်ရန် ကျွန်တော်တို့စေစားခြင်း ခံရပါသည်။ သို့သော် ငြိမ်ဝပ်စွာနေတတ်ရန်နှင့်အခြားသူများ၏ကိစ္စများတွင် ဝင်ရောက်မစွက်ဖက်ရန်မှာလည်း အရေးကြီးပါသည်။ ၎င်းသည် ဘုရားသခင်၏ မိသားစုအပြင်ဘက်မှ လူများအတွက် စံပြနမူနာကောင်း ဖြစ်လိမ့်မည် (:၁၁-၁၂)။ အချင်းချင်းချစ်ကို ချစ်ရန်မှာ ကျွန်တော်တို့အတွက် ဘုရားရှင်၏စေစားချက် ဖြစ်သည် (:၉)။ DAVID H. ROPER