ဝါရန် ဘာဖဖ်၊ ဘီ(လ်)ဂိတ်(စ်)နှင့် မလင်းဒါဂိတ်(စ်)တို့သည် သူတို့ပိုက်ဆံတစ်ဝက် ကို လှူဒါန်းမည်ဟုကတိပေးပြီး “ပေးကမ်းခြင်းကတိ” “Giving Pledge” အဖွဲ့အစည်းကို တည်ထောင်ခဲ့ခြင်းက သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်။ ၂၀၁၈ ခုနှစ် မှတ်တမ်းအရ ပေးလှူငွေပေါင်းမှာ ဒေါ်လာ ၉၂သန်း ဖြစ်သည်။ ထိုကတိကြောင့် စိတ်ပညာရှင် ပေါလ်ပစ်(ဖ်) သည် လူတို့၏ပေးကမ်းမှုပုံစံကို စိတ်ဝင်တစား လေ့လာစူးစမ်းခဲ့ရာ၊ ဆင်းရဲသူများသည် ချမ်းသာသူများထက် သူတို့၌ရှိသမျှမှ ၄၄ ရာခိုင်နှုန်း ပို၍ပေးကမ်းကြောင်း တွေ့ရှိခဲ့သည်။ ကိုယ်တိုင် ဆင်းရဲဖူးသူများသည် ပို၍ ပေးကမ်းစွန့်ကြဲတတ်ကြသည်။

၎င်းကို သခင်ယေရှုသိသည်။ ဗိမာန်တော်၌ ဘဏ္ဍာတိုက်ထဲသို့ လူတို့ ငွေသွင်းချနေသည်ကို ကိုယ်တော်ကြည့်နေသည် (မာ ၁၂:၄၁)။ ချမ်းသာသူ တို့က ငွေအမြောက်အမြား သွင်းချကြသော်လည်း ဆင်းရဲသောမုဆိုးမမှာ တစ်ပဲမျှသာတန်သည့် သူ၏နောက်ဆုံးကြေးနီဒင်္ဂါးနှစ်ပြားကို ပေးလှူခဲ့သည်။ ထိုအချိန်၌ သခင်ယေရှု အံ့သြပြီး ဝမ်းမြောက်ဝမ်းသာစွာ မတ်တပ်ထရပ်မည်ကို ကျွန်တော် မြင်ယောင်မိသည်။ ချက်ချင်းပင် တပည့်တော်များကိုခေါ်ပြီး အလွန် ပြောင်မြောက်သည့်လုပ်ရပ်ကို ပြလျက်၊ အခြားသူတို့ထက် “ထိုဆင်းရဲသော မုဆိုးမသည် သာ၍ သွင်းချခဲ့ပြီ” ဟုဆိုသောအခါ တပည့်တော်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး နားမလည်နိုင်ဖြစ်ခဲ့ကြသည်။ ကိုယ်တော်က ရိုးရိုးလေး မိန့်တော်မူသည်။ “ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်သောစည်းစိမ် ထဲကနှုတ်၍သွင်းချကြ၏။ ထိုမိန်းမမူကား အလွန်ဆင်းရဲလျက်ပင် မိမိ အသက်မွေးစရာဥစ္စာရှိသမျှကို သွင်းချ လေပြီ” (:၄၄)ဟု မိန့်တော်မူ၏။

မိမိ၌ ပေးစရာအနည်းငယ်မျှသာ ရှိကောင်းရှိပါစေ။ သခင်ယေရှုက ဆင်းရဲလျက်နှင့် ပေးလှူရန် ကျွန်ုပ်တို့ကို ဖိတ်ခေါ်သည်။ အခြားသူအတွက် မဖြစ်စလောက် ဟုထင်ရသော်လည်း ကျွန်ုပ်တို့စေတနာနှင့် ပေးလှူခြင်း အပေါ် ဘုရားသခင် အလွန်ဝမ်းမြောက်ပါသည်။ WINN COLLIER