၁၈၉၃ ခုနှစ်၊ အောက်တိုဘာလ၊ အမေရိကရှိ ချီကာဂိုမြို့တော်၏ပွဲနေ့တွင် ကျင်းပခဲ့သည့် ကိုလံဘတ် နယ်မြေသစ်ကို တွေ့ရှိခြင်း နှစ် ၄၀၀ ပြည့် ပွဲတော် (World’s Fair) သို့ လူတိုင်း ပါဝင်ဆင်နွှဲကြမည်ဟု ယူဆသဖြင့် ပြဇာတ်ရုံ ပိုင်ရှင်များသည် မြို့ထဲရှိ ပြဇာတ်ရုံအားလုံးကို ပိတ်ထားလိုက်သည်။ လူပေါင်း ၇ သိန်းကျော် ပါဝင်ဆင်နွှဲ ခဲ့ကြသော်လည်း ဆရာကြီး ဒွိုက်မူးဒီ (Dwight Moody) (၁၈၃၇-၁၈၉၉)ကမူ ချီကာဂိုမြို့၏ အခြားတစ်နေရာ ဂီတခန်းမ၌ တရားဒေသနာ ဟောကြားခြင်းနှင့် ကျမ်းစာသင်ကြားခြင်းများဖြင့် လူပြည့်လျှံနေရန် ဆန္ဒရှိခဲ့သည်။ ပွဲတော်ကျင်းပသည့်နေ့နှင့် တစ်နေ့တည်းဖြစ်၍ မူးဒီအနေဖြင့် တရားပွဲသို့ လူများလာရအောင်ဆွဲဆောင်နိုင်မည်ဟု သူ့မိတ်ဆွေ ဆရာ အာရ် အေ တော်ရီ (R. A. Torrey) (၁၈၅၆-၁၉၂၈) မထင်ပါ။ သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် တရားပွဲသို့ လူများစွာ ရောက်လာသည်။ “အပြစ်တရား လွှမ်းမိုးတဲ့ လောကကြီးဟာ သမ္မာကျမ်းစာဆိုတဲ့စာအုပ်အကြောင်းကို သိရှိလိုစိတ် အပြင်းပြဆုံး ဖြစ်တယ် ဆိုတာ မူးဒီသိတယ်လေ”ဟု တော်ရီက နောက်ပိုင်းတွင် ကောက်ချက်ချခဲ့သည်။ မူးဒီနည်းတူ အခြားသူတို့လည်း သမ္မာကျမ်းကို ချစ်မြတ်နိုးပြီး စိတ်ထက်သန်စွာ အချိန်ပေးဖတ်ရှုလာရန် တော်ရီ ဆန္ဒဖြစ်ပေါ်ခဲ့သည်။

၁၉ ရာစုအကုန်ပိုင်းတွင် ဘုရားသခင်သည် သူ၏ဝိညာဉ်တော်မှတစ်ဆင့် ချီကာဂိုမြို့လူထုအား သူ့ထံတော်ပါးသို့ ပြန်လည်ဆွဲခေါ်သကဲ့သို့ပင် ယနေ့၌လည်း ကျွန်ုပ်တို့အား ကိုယ်တော် ဆက်လက်စကားပြောလျက်ရှိသည်။ “မိန့်တော်မူချက် တို့သည် ကျွန်ုပ်အာခေါင်၌ အလွန်ချိုကြပါ၏။ ခံတွင်းထဲမှာ ပျားရည်ထက် သာ၍ ချိုကြပါ၏” (ဆာ ၁၁၉:၁၀၃) ဟု ကြွေးကြော်သည့် ဆာလံဆရာနှင့်အတူ ဘုရားသခင်နှင့်နှုတ်ကပတ်တော်အပေါ် ဆာလံဆရာ၏ ချစ်ခင်မြတ်နိုးတန်ဖိုးထား သည့်စိတ်ကို ကျွန်ုပ်တို့ ထပ်တူခံစားဖော်ကျူးနိုင်ပါသည်။ ဆာလံဆရာအတွက်မူ ဘုရားသခင်၏ကျေးဇူးတော်နှင့် သမ္မတရားသတင်းစကားများသည် သူ၏ ခြေရှေ့မှာ မီးခွက်ဖြစ်၍ သူ၏လမ်းခရီးကို ရှင်းလင်းစေပါသည် (:၁၀၅)။

ကယ်တင်ရှင်နှင့်သူ၏သတင်းစကားအပေါ် မြတ်နိုးတန်ဖိုးထားခြင်းအရာ၌ သင်မည်သို့၍တိုးပွားစေနိုင်မည်နည်း။ နှုတ်ကပတ်တော်၌ မိမိကိုယ်ကိုယ် နှစ်မြှုပ် အပ်နှံလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့၏ဆည်းကပ်တိုးဝင်ခြင်းကို သာ၍တိုးပွား စေလျက် လမ်းပြညွှန်မည်၊ ကျွန်ုပ်တို့လျှောက်လှမ်းသည့် အသက်တာလမ်းခရီး တစ်လျှောက်တွင် သူ၏အလင်းကို ထွန်းလင်းစေမည်ဖြစ်သည်။ AMY BOUCHER PYE