Cateura(ခေတောရာ)သည် တောင်အမေရိကတိုက်၊ ပါရာဂွေးနိုင်ငံရှိ ဆင်းရဲသား ရပ်ကွက်လေးတစ်ခု ဖြစ်သည်။ ဆင်းရဲနုံချာလွန်းလှ၍ ရွာသူရွာသားများသည် အမှိုက်ပုံမှ စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးချခြင်းဖြင့် အသက်ဆက်နေထိုင် ကြသည်။ သို့သော် ဤမျှော်လင့်ချက်မဲ့သည့်အခြေအနေများမှ လှပသည့်တစ်စုံတစ်ရာထွက်ပေါ်လာသည်။ သံစုံတီးဝိုင်းတစ်ခုဖြစ်ပါသည်။

တယောတစ်လုံးသည် ၎င်းတို့ရပ်ကွက်ရှိ အိမ်တစ်လုံးထက် တန်ဖိုးကြီးလှ သည့်အတွက် အမှိုက်ပုံမှရရှိသည့်ကိရိယာများသုံးကာ ကိုယ်ပိုင်တူရိယာများကို တီထွင် ကြံဆဖန်တီးခဲ့ကြသည်။ တယောအိမ်ကို ဆီဘူးများနှင့် ပြုလုပ်ပြီး တယော ကြိုး တပ်ဆင်ရန် ဇွန်းခရင်းများကိုကွေးပြီး အသုံးပြုကြသည်။ ဆက်ဆိုဖုန်း လေမှုတ်တူရိယာကို ရေဆင်းပိုက်ဖြင့်လုပ်ပြီး ခလုတ်များကို ပုလင်းထိပ်ပိုင်းများကို ဖြတ်ပြီး အသုံးပြုကြသည်။ တယောကြီးများကိုမူ သံဗုံများနှင့် ပြုလုပ်ပြီး အသံညှိ ငုတ်များကို ပုံဖော်ဒလိတ်တုံးများနှင့်ပြုလုပ်ကြသည်။ ဤဆန်းပြားသော တူရိယာ များဖြင့် မိုဇက် တေးသွားကို ကြားရခြင်းက သာယာနာပျော်ဖွယ် ကောင်းလှသည်။ ထိုသံစုံ တီးဝိုင်းအဖွဲ့သည် နိုင်ငံများစွာသို့ သွားရောက်နယ်လှည့်ဖျော်ဖြေလျက် ၎င်းတို့၏ မျိုးဆက်သစ် လူငယ်များကို အမြင်ဖွင့်ပေးကြသည်။

“အမှိုက်သရိုက်များမှ တယော၊ ဆင်းရဲသားရပ်ကွက်မှ တေးဂီတ”တို့သည် ဘုရားသခင်ပြုသည့်အမှု၏အမှတ်သညာဖြစ်သည်။ ပရောဖက်ဟေရှာယက ဘုရားသခင်၏ အသစ်သောဖန်ဆင်းခြင်းကို ပုံဖော်မြင်ယောင်ကြည့်ရာ၊ ဖုန်းဆိုး မြေ၌ ပန်းများပွင့်လန်းလာခြင်း (ဟေရှာ ၃၅:၁-၂)၊ ကန္တာရ၌ စမ်းချောင်းများ စီးဆင်းနေခြင်း (:၆-၇)၊ စစ်လက်နက်များ စိုက်ပျိုးရေးသုံးကိရိယာဖြစ်လာခြင်း (၂:၄)၊ ဆင်းရဲသားများ ဝမ်းမြောက်ရွှင်လန်းကြခြင်း (၃၅:၅-၆၊ ၁၀) စသော ဆင်းရဲ မွဲတေမှုမှထွက်ပေါ်လာသည့် တူညီသော အလှတရားများကို သူမြင်ခဲ့သည်။

ခေတောရာ တီးဝိုင်း၏စီစဉ်ညွှန်ကြားသူက “ကမ္ဘာကြီးက ကျွန်တော်တို့ဆီကို အမှိုက်တွေပို့လိုက်တယ်။ ကျွန်တော်တို့ကတော့ တေးဂီတ ပြန်ပို့ပေးတယ်” ဟု ပြောသည်။ ၎င်းတို့ဖျော်ဖြေနေသည့်တစ်ချိန်တည်းမှာပင် ငိုကြွေးနေသည့်မျက်လုံး များမှ မျက်ရည်များကို ဘုရားသခင်သုတ်ပေးပြီး ဆင်းရဲဒုက္ခအတိ ကင်းဝေးသည့် အနာဂတ်ကို လောကကြီးအား အရိပ်အမြွက်မြင်တွေ့စေသည်။ SHERIDAN VOYSEY