သုံးနှစ်အရွယ်မြေးမလေးက ကျွန်မတို့အိမ်အပြင်ဘက်ရှိခြံထဲ ပတ်ပြေးရင်း မျက်နှာ ပြုံးလေးနှင့် “သမီးရဲ့ နတ်သမီးလေးအကကို ကြည့်ပါဦးဖွားဖွား”ဟု မြူးထူးစွာ အော်ပြောသည်။ သူမ၏ “ကခုန်ခြင်း”က အပြုံးကို ဆောင်ယူလာပြီး “သူ ကနေ တာ မဟုတ်ဘူး၊ ပြေးနေတာပါ” ဟုပြောသည့် မရွှင်မပျနှင့် သူမအစ်ကိုကြီး၏ စကားက မိသားစုအပန်းပြေခရီးထွက်ချိန် သူမအပျော်ကို မလွှမ်းမိုးနိုင်ခဲ့ပါ။

ပထမဆုံးသော သံလွင်ခက်တနင်္ဂနွေနေ့သည် အတက်အကျများသောနေ့ ဖြစ်သည်။ မြည်းကိုစီးလျက် သခင်ယေရှု ယေရုရှလင်မြို့သို့ ဝင်ရောက်လာစဉ် လူအုပ်ကြီးက စိတ်အားထက်သန်စွာဖြင့် “ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရ ဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း”ဟု အော်ဟစ်ကြသည် (မ ၂၁:၉)။ သို့သော် ထိုလူအုပ်ကြီးထဲမှလူများစွာသည် ထိုသီတင်းပတ်အတွင်း၌ပင် သူတို့အပြစ်အတွက် အသေခံပေးမည့် ကယ်တင်ရှင် မဟုတ်ဘဲ ရောမတို့လက်မှကယ်လွတ်မည့် မေရှိယကို မျှော်လင့်ကြသည်။

ထိုနေ့နောက်ပိုင်းတွင် ရှင်ယေရှု၏အခွင့်အာဏာကို မေးခွန်းထုတ်ကြသည့် ယဇ်ပုရောဟိတ်များနှင့် ကျမ်းပြုဆရာများက စိတ်ဆိုးနေကြသော်လည်း ဗိမာန်တော်တွင်း၌ ကလေးများက “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေ သတည်း” ဟု အော်ဟစ်လျက် သူတို့၏ဝမ်းမြောက်ခြင်းကိုဖော်ပြကြသည် (:၁၅)။ သူတို့သည် ဗိမာန်တော်ရင်ပြင်၌ ပြေးလွှားခုန်ပေါက်ကာ သံလွင်ခက်များကို ဝှေ့ယမ်းကောင်းဝှေ့ယမ်းနေမည် ဖြစ်သည်။ သခင်အား ဝတ်ပြုကိုးကွယ်ရန် မှတစ်ပါး အခြားမရှိပြီ။ မခံမရပ်ဖြစ်နေသော ဘာသာရေးခေါင်းဆောင်များအား “နို့စို့သူငယ်တို့၏နှုတ်ထဲမှ ကိုယ်တော်(ဘုရားသခင်)သည် ချီးမွမ်းခြင်းကို ပြင်ဆင် တော်မူသည်”ဟု ရှင်ယေရှု ပြောကြားခဲ့သည် (:၁၆)။ သူတို့သည် ကယ်တင်ရှင်၏ မျက်မှောက်တော်၌ ရှိနေကြသည်မဟုတ်ပါလား။

သူသည် မည်သူမည်ဝါဖြစ်ကြောင်း မြင်တွေ့ရန် ရှင်ယေရှုက ကျွန်ုပ်တို့ကိုလည်း ခေါ်ဖိတ်နေပါသည်။ ကျွန်ုပ်တို့ ကိုယ်တော့်ကိုတွေ့ရသောအခါ ဝမ်းမြောက်ပျော်ရွှင်သောကလေးသူငယ်ကဲ့သို့ သခင့်မျက်မှောက်တော်ကို ခံစားပျော်မွေ့ခြင်းကလွဲ၍ အခြားမရှိပြီ။ ALYSON KIEDA