ကျွန်မ၏မြေးများ နောက်ဖေးခြံထဲ ပြေးလွှားနေသည်။ ဂိမ်းကစားနေခြင်း များလား။ မဟုတ်ပါ။ ပေါင်းမြက်များ ဆွဲနုတ်နေခြင်းပါ။ မြေးအငယ်ဆုံးလေးက “အမြစ်ပါပါအောင်ဆွဲနုတ်ပစ်လိုက်တယ်” ဟုပြောပြီး ကြိုးစားမှုရလဒ် မြက်ပုံကြီး ကို ပြသည်။ ကျွန်မတို့ ပေါင်းမြက်များရှင်းသည့်ထိုနေ့၌ သူပျော်ရွှင်သည်။ ဒုက္ခပေးသောအန္တရာယ်ကို ရှင်းလင်းပစ်ခြင်းဟူသော ပေါင်းမြက်များကို အမြစ်မှ ဆွဲနုတ်ရခြင်းမှာ ပျော်စရာကောင်းလှပါသည်။ သို့သော် ဝမ်းမြောက်ပျော်ရွှင်ခြင်းမတိုင်မီ ရှင်းလင်းခြင်းလုပ်ရန် ရွေးချယ်မှုက အရင်လာပါသည်။

ရည်ရွယ်ချက်နှင့် ပေါင်းမြက်ရှင်းခြင်းက မိမိ၏အပြစ်ကို ဖယ်ရှားပစ်ခြင်း၏ ပထမအဆင့်ဖြစ်သည်။ သို့ဖြစ်၍ ဒါဝိဒ်က “အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော ၍ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ … ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက်သည်ကို ကြည့်ရှု … မူပါ”ဟု ဆုတောင်းခဲ့သည် (ဆာ ၁၃၉:၂၃-၂၄)။

ကျွန်ုပ်တို့၏အပြစ်များကို ဘုရားသခင် ဖော်ပြပေးရန် တောင်းခံခြင်းဖြင့် အပြစ်ကို ရှင်းလင်းခြင်းက အမြော်အမြင်ရှိသည့်နည်းလမ်း ဖြစ်သည်။ ကျွန်ုပ်တို့၏ အကြောင်းကို အားလုံးထက်ပိုပြီး ကိုယ်တော်သိသည်။ “ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍ သိတော်မူ၏။ အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော်မူ၏။ အကျွန်ုပ်၏အကြံအစည်တို့ကို အဝေးကပင် နားလည်တော်မူ၏” (:၁-၂) ဟု ဆာလံဆရာက ရေးဖွဲ့ခဲ့ပါသည်။

“ထိုသို့သောဉာဏ်သည် အံသြဖွယ်ဖြစ်၍ အကျွန်ုပ်မတတ်နိုင်ပါ။ မြင့်မြတ်သည်ဖြစ်၍ အကျွန်ုပ်မမီနိုင်ပါ” (:၆) ဟု ဒါဝိဒ်ထပ်လောင်းပြောခဲ့သည်။ အပြစ် အမြစ်မတွယ်မီ အချိန်ကတည်းကပင် ဘုရားသခင်က အန္တရာယ်ကို ကျွန်ုပ်တို့အား တပ်လှန့်သတိပေးနိုင်ပါသည်။ ကျွန်ုပ်တို့၏ “မြေပြင်အနေအထား”ကို ကိုယ်တော်သိသည်။ သို့ဖြစ်၍ ခိုးကြောင်ခိုးဝှက်နှင့် အပြစ်က အမြစ်တွယ်ရန် ကြိုးစားလာသည့်အခါ ကိုယ်တော်သည်အရင်ဆုံးသိရှိပြီး ထောက်ပြပါသည်။

“ဝိညာဉ်တော်နှင့်လွတ်ခြင်းအလိုငှာ အဘယ်အရပ်သို့သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့်လွတ်ခြင်းအလိုငှာ အဘယ်အရပ်သို့ပြေးနိုင်ပါမည်နည်း”ဟု ဒါဝိဒ် ရေးသားခဲ့သည်(:၇)။ သာ၍မြင့်ရာသို့ တက်လှမ်းရန် ကျွန်ုပ်တို့၏ ကယ်တင်ရှင် နောက်တော်သို့ ထပ်ကြပ်မကွာလိုက်ကြပါစို့။ PATRICIA RAYBON