မိုက်ကယ်အင်ဂျလို(Michelangelo)၏လက်ရာများသည် ယေရှုသက်တော်စဉ်ကို များစွာဖော်ပြထားသော်လည်း ဆွတ်ပျံ့ဖွယ် အကောင်းဆုံးလက်ရာတစ်ခုသည် အရိုးရှင်းဆုံး လက်ရာတစ်ခုလည်း ဖြစ်သည်။ ၁၅၄၀ ပြည့်နှစ်များအတွင်း သူသည် ယေရှု၏ မယ်တော်က အသက်မဲ့သောခရစ်တော်၏ခန္ဓာအား ပွေ့ထားပုံ(Pietà) ကို သူ့မိတ်ဆွေ ဗစ်တိုးရီးယား ကိုလိုနာအတွက် ပုံဆွဲပေးခဲ့သည်။ မြေဖြူဖြင့်ရေးဆွဲထားသော ပုံတွင် မာရိက ငြိမ်သက်နေသည့်သားတော်ကိုပွေ့ရင်း ကောင်းကင်သို့ မျှော်ကြည့်နေသည့်ပုံကို သရုပ်ဖော်ထားသည်။ မာရိ၏အနောက်မှ ထူထားသော ကားတိုင်၏ရောင်ခြည်တန်းက ကဗျာဆရာ ဒန်တီ(Dante)၏ Paradise ကဗျာ မှ “တိုင်တော်၌ အသွေးတော်၏အဖိုးအခ အဘယ်မျှကြီးသည်ကို သူတို့မစဉ်းစားမိ ခဲ့ပါ” ဟူသည့် စာသားများကို ဖော်ကျူးနေသည်။ မိုက်ကယ်အင်ဂျလို၏ဆိုလိုရင်းက အလွန်လေးနက်သည်။ သခင်ယေရှု၏အသေခံခြင်းကို ကျွန်ုပ်တို့စဉ်းစားဆင်ခြင် သောအခါ သခင်ပေးဆပ်ခဲ့သည့်အဖိုးအခကိုပါ ထည့်သွင်းစဉ်းစားရမည်။

ကိုယ်တော် အသက်ထွက်အံ့ဆဲဆဲ၌ “အမှုပြီးပြီ” (ယော ၁၉:၃၀) ဟူသော ကြွေးကြော်ချက်၌ ခရစ်တော်ပေးဆပ်ခဲ့သောအဖိုးအခကို အမိအရဖော်ပြထား သည်။ “အမှုပြီးပြီ” (tetelestai) ဟူသောဝေါဟာရကို ‘ကျသင့်ငွေ ပေးချေပြီးပြီ၊ အလုပ်ပြီးပြီ၊ ယဇ်ပူဇော် ပသပြီးပြီ၊ အပြောင်မြောက်ဆုံးလက်ရာတစ်ခုပြီးစီးသွားပြီ’ စသည်ဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုကြသည်။ ထိုအဓိပ္ပာယ် တစ်ခုစီတိုင်းသည် ကျွန်ုပ်တို့ကိုယ်စား ကားတိုင်ထက် ရှင်ယေရှုပြုခဲ့သည့်အမှုနှင့် သက်ဆိုင်သည်။ ထို့ကြောင့် တမန်တော်ရှင်ပေါလုက “ငါဖြစ်လျှင် ငါတို့သခင်ယေရှု ခရစ်၏လက်ဝါးကပ်တိုင်တော်မှတစ်ပါး ဘယ်အရာ၌မျှ ဝါကြွားခြင်းမရှိပါ စေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောကသည် ငါ့အဖို့ရိုက်ထားခြင်းကို
ခံလျက်ရှိ၏” ဟု (ဂလာ ၆:၁၄) ဟု ရေးသားခဲ့ခြင်းဖြစ်နိုင်သည်။

ကျွန်ုပ်တို့ကိုယ်စား ရှင်ယေရှု အစားဝင်ရောက်လိုသည့်ဆန္ဒစေတနာသည် ကျွန်ုပ်တို့ကို ဘုရားသခင် အဘယ်မျှချစ်ကြောင်း ထာဝရသက်သေပင်ဖြစ်သည်။ သခင်ပေးဆပ်ခဲ့သည့်အဖိုးအခကို ဆင်ခြင်သည်တွင် သခင်၏မေတ္တာတော်ကို ဂုဏ်ပြုပြီး ကားတိုင်တော်အတွက်လည်း ကျေးဇူးချီးမွမ်းကြပါစို့။ Bill Crowder