ဟားဗတ်တက္ကသိုလ်၏ “အရွယ်ရောက်သူများ ဖွံ့ဖြိုးတိုးတက်မှု”ဆိုင်ရာလေ့လာ ဆန်းစစ်မှုသည် ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်စွာလုပ်ဆောင်ခဲ့သည့် စီမံကိန်းဖြစ်ပြီး ရလဒ်အနေဖြင့် ကောင်းမွန်သောရင်းနှီးကျွမ်းဝင်မှုဆက်ဆံရေးများ၏ အရေးပါ သော သဘောသဘာဝကို ပို၍ကောင်းစွာ သိရှိနားလည်လာခဲ့သည်။ ထို လေ့လာ ဆန်းစစ်မှုကို ၁၉၃၀ ပြည့်နှစ်ကာလများတွင် ဟားဗတ်တက္ကသိုလ်ရှိ ဒုတိယနှစ် ကျောင်းသား ၂၆၈ ဦးပါဝင်သောအဖွဲ့နှင့် စတင်ခဲ့ပြီး၊ ဘော်စတွန် မြို့တွင်းပိုင်းတွင် နေထိုင်သူ ၄၅၆ ဦးကိုပါ တိုးချဲ့လေ့လာခဲ့သည်။ စစ်တမ်း ကောက်သူများက လေ့လာမှု၌ပါဝင်ခဲ့သူများကို တွေ့ဆုံမေးမြန်းပြီး ၎င်းတို့၏ဆေးကုသမှုမှတ်တမ်းများကိုလည်း နှစ်အနည်းငယ်လျှင် တစ်ကြိမ် ပုံမှန်လေ့လာခဲ့သည်။ ရင်းနှီး ကျွမ်းဝင်မှုရှိသည့် ဆက်ဆံရေးများသည် ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေး အတွက် အရေးကြီးဆုံးအချက်ဖြစ်ပြီး၊ မိမိအနီးဝန်းကျင်၌ မှန်ကန်သင့်လျော်သော မိတ်ဆွေများရှိလျှင် ပိုမိုနက်နဲသော ဝမ်းမြောက်မှုကိုကျွန်ုပ်တို့ခံစားရမည်ဖြစ်သည်။

ဤအချက်သည် ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၁ တွင် ရှင်ပေါလုဖော်ပြထား သည့်အချက်ကို ထင်ဟပ်နေသလိုပင်။ ရှင်ပေါလုသည် ထောင်တွင်းမှ စာရေးပို့ ရာတွင် သူ၏မိတ်ဆွေများကို အောက်မေ့လျက်၊ သူတို့အတွက် ဝမ်းမြောက်သော စိတ်နှင့် အစဉ်ဆုတောင်းပတ္ထနာပြုလျက် (:၄-၅) ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြောင်း ပြောကြားသည်။ ၎င်းတို့သည် သာမန်မိတ်ဆွေမျှသာ မဟုတ်ဘဲ “ဘုရားသခင်၏ကျေးဇူးတော်ကို အတူဝေမျှဆက်ဆံ”ကြသည့် သခင်ယေရှု၌ ညီအစ်ကိုမောင်နှမများဖြစ်ကာ ရှင်ပေါလုနှင့်အတူ ဧဝံဂေလိတရားဘက်၌ သက်သေခံကြသည့် အပေါင်းအဖော်များဖြစ်ကြသည်(:၇)။ သူတို့၏ ဆက်ဆံရေး သည် အပြန်အလှန်ဝေမျှရင်းနှီးကျွမ်းဝင်သော၊ ဘုရားသခင်၏မေတ္တာတော်နှင့် ဧဝံဂေလိတရား၏ပြုပြင်ခြင်းခံရသည့် စစ်မှန်သောမိတ်သဟာယ ဖြစ်သည်။

မိတ်ဆွေအပေါင်းအဖော်သည် အရေးပါသည်။ သို့သော် ခရစ်တော်၌ ဖြစ်တည် သော အပေါင်းအဖော်သည် စစ်မှန်နက်ရှိုင်းသော ဝမ်းမြောက်မှုကို ဖော်ဆောင်ပေး သူများ ဖြစ်သည်။ ဘာနှင့်မျှမတူဘဲ ဘုရားသခင်၏ကျေးဇူးတော်က ကျွန်ုပ်တို့ကို ပေါင်းစည်းပေးသည်။ ဘဝ၏အမှောင်မိုက်ဆုံးအချိန်များ၌ပင် ထိုအကျွမ်းဝင်မှုမှ ထွက်ပေါ်လာသည့် ဝမ်းမြောက်မှုသည် တည်မြဲနေမည် ဖြစ်သည်။ GLENN PACKIAM