၁၉၈၆ ခုနှစ်၊ဇန်နဝါရီလ(၂၈)ရက်နေ့တွင် အမေရိကန်အာကာသယာဉ်ချဲလင့်ဂျာ (Challenger)သည်လွှတ်တင်ပြီးပြီးချင်း ၇၃ စက္ကန့်အကြာတွင် တစ်စစီပေါက်ကွဲ ပျက်ကျသွားခဲ့သည်။ တိုင်းသူပြည်သားများအားပြောသော နှစ်သိမ့်စကားတွင် သမ္မတရော်နယ်ရေဂင် (Ronald Reagan)က ဒုတိယကမ္ဘာစစ်အတွင်းက လေသူရဲ John Gillespie Magee ရေးသားသည့် “High Flight – အမြင့် ပျံသန်းခြင်း”ကဗျာမှ “မည်သူမျှ ဖြတ်သန်းဝင်ရောက်ဖူးခြင်းမရှိသေးသော သန့်ရှင်းမြင့်မြတ်ရာ အာကာသ နယ်ပယ်” နှင့် “ဘုရားသခင်၏ မျက်နှာတော်ကို တို့ထိရန် သူ့လက်ကို ဆန့်ထုတ်မိ”ခြင်း စသည့် စာသားများကို ကိုးကား ဖော်ပြခဲ့သည်။

ဘုရားသခင်၏မျက်နှာတော်ကို ကျွန်မတို့တကယ်မထိတွေ့နိုင်သော်လည်း အံ့သြမှင်သက်ဖွယ် နေဝင်ချိန်အလှ (သို့) သဘာဝတရားရှိ ငြိမ်းချမ်းဆိတ်ငြိမ် သောနေရာတစ်ခုအားဖြင့် ဘုရားသခင် ကျွန်မတို့အနီးအနားတွင်ရှိကြောင်း ခံစားမှုကို ကျွန်မတို့ တစ်ခါတစ်ရံ တွေ့ကြုံခံစားရတတ်ပါသည်။ အဆိုပါ အချိန် အခိုက်အတန့်ကို “ကန့်သတ်ချက်များကျဉ်းမြောင်းလာသည့် ငြိမ်းချမ်းရာ နေရာများ” ဟု အချို့က ခေါ်ကြသည်။ ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားထား သည့် အကန့်အသတ်မှာ ပိုမိုသေးငယ်ကျဉ်းမြောင်းလာပုံပေါ်ပြီး ‘ဘုရားသခင် ကျွန်မတို့နှင့် အနည်းငယ်သာ၍ နီးကပ်လာ’ သကဲ့သို့ ခံစားရပါသည်။

ဣသရေလလူမျိုးတို့ ကန္တာရထဲတွင် လှည့်လည်သွားလာကြစဉ် ဘုရားသခင် သူတို့အနီးအပါး၌ ရှိကြောင်း ခံစားခဲ့ရခြင်းအားဖြင့် အဆိုပါ “ငြိမ်းချမ်းရာနေရာ” ကို ကြုံတွေ့ခဲ့ရမည်ဖြစ်သည်။ ကန္တာရထဲတွင် ဘုရားသခင်သည် နေ့အချိန်၌ မိုးတိမ်အားဖြင့်လည်းကောင်း၊ ညအချိန်၌ မီးလျှံအားဖြင့်လည်းကောင်း သူတို့ကို လမ်းပြပို့ဆောင်ခဲ့သည် (ထွ ၄၀:၃၄-၃၈)။ သူတို့စခန်းချ နားနေကြစဉ် “ထာဝရ ဘုရား၏ဘုန်းတော်သည် တဲတော်ကိုဖြည့်လျက်နေပါသည်” (:၃၅)။ လမ်းခရီး တစ်လျှောက်၌ ဘုရားသခင်အတူပါရှိကြောင်းကို သူတို့သိရှိခဲ့ကြသည်။

ဘုရားသခင်၏ ဖန်ဆင်းခြင်းလက်ရာတော်အလှများကို ခံစားရင်းဖြင့် နေရာ တိုင်း၌ ကိုယ်တော်သည် ရှိတော်မူကြောင်းကို ကျွန်မတို့ သာ၍တိုး၍ သိရှိရသည်။ ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့်စကားပြောခြင်း၊ အသံတော်ကို နားထောင် ခြင်းနှင့် နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့် အချိန်မရွေး၊ နေရာမရွေး ကိုယ်တော် နှင့် မိတ်သဟာယကို ကျွန်မတို့ ပျော်မွေ့ခံစားနိုင်ပါသည်။CINDY HESS KASPER