လူမျိုးနှင့်ခေါင်းဆောင်အပေါ် တာဝန်စောင့်သိမှုအမှတ်အသား ဆေးမင်ကြောင်ပုံကို ဆမိုအာကျွန်းသား လူငယ်ယောက်ျားလေးအများစုလက်တွင် ထိုးထားသည်။ ထို့ကြောင့် ထိုအမှတ်အသားသည် ဆမိုအာ အမျိုးသား ရပ်ဘီ ဘောလုံးအားကစား အသင်းဝင်များ၏ လက်မောင်းများတွင် ရှိသည်။ ဂျပန်နိုင်ငံသို့ချစ်ကြည်ရေးပွဲသွားကစားသောအခါ ဆေးမင်ကြောင်ကို အဆိုးမြင်သော အိမ်ရှင်ဂျပန်လူမျိုးတို့ အတွက် သူတို့၏ထိုအမှတ်အသားသည် ပြဿနာတစ်ရပ်ဖြစ်ကြောင်း သူတို့ နားလည်သည်။ ဆမိုအာကစားသမားတို့သည် အသားရောင် လက်ရှည် အသားကပ်များကို ဝတ်ဆင်ကာ သူတို့၏ဆေးမင်ကြောင်ပုံများကို ဖုံးအုပ်လျက် မိတ်ဆွေဖြစ်ခြင်း ချစ်ကြည်ရေးအပြုအမူကို ပြခဲ့သည်။ “ဂျပန်လူမျိုးတို့ရဲ့ အလေ့အထကို ကျွန်ုပ်တို့နားလည်သိရှိထားပြီး လေးစားမှုလည်း ရှိပါတယ်။ ကျွန်ုပ်တို့ပြတဲ့အပြုအမူက ပြဿနာမဖြစ်ဘဲ အဆင်ပြေဖို့ ကျွန်ုပ်တို့ အသေအချာ လုပ်ပါမယ်” ဟု အသင်းခေါင်းဆောင်က ရှင်းပြသည်။

လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ထင်မြင်ထုတ်ဖော်ချက်ကို အလေးထားသည့် မျက်မှောက်ခေတ်တွင် ရောမသြဝါဒစာ၌ မိမိကိုယ်ကိုထိန်းချုပ်ကန့်သတ်ခြင်း သဘောထားကို ရှင်ပေါလုရေးသားခဲ့ခြင်းက ထူးခြားချက်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူတစ်ပါးအတွက် မိမိ၏အခွင့်အရေးကို စွန့်လွှတ်ရန်မေတ္တာက တောင်းဆိုပြီး၊ မိမိ၏လွတ်လပ်ခွင့်ကို ဦးစားပေးမည့်အစား မေတ္တာက ကျွန်ုပ်တို့ကို ထိန်းကြောင်း ပေးပါသည်။ အသင်းတော်၌ လူအချို့က ဟင်းသီးဟင်းရွက်ကိုသာ စားကြသော်လည်း အခြားလူအချို့က အစာအမျိုးမျိုးကို စားခွင့်ရှိသည်ဟု ယုံကြည်ကြ သည်ဟု ရှင်ပေါလုက ရှင်းပြခဲ့သည် (ရော ၁၄:၂)။ ၎င်းသည် အသေးအဖွဲကိစ္စဟု ထင်ရသော်လည်း ပထမရာစုတွင် အစားအသောက်ဆိုင်ရာပညတ်ချက်များကို စောင့်ထိန်းရေးမှာ အငြင်းပွားဖွယ်ကိစ္စဖြစ်ခဲ့သည်။ အစာအမျိုးမျိုးကို စားသူများ အပေါ် စကားတစ်စုံတစ်ရာဖြင့် ကောက်ချက်မချမီ အချင်းချင်း စစ်ကြောစီရင်ခြင်း မပြုရန် ရှင်ပေါလုက လူတိုင်းကို ညွှန်ကြားခဲ့သည် (:၁၃)။ “အမဲသားကိုစားခြင်း၊ စပျစ်ရည်ကိုသောက်ခြင်းကိစ္စမှစ၍ ညီအစ်ကိုထိမိ၍ လဲစရာအကြောင်း၊ မှားယွင်း စရာအကြောင်း၊ အားနည်းစရာ အကြောင်းများကို ရှောင်အပ်၏” (:၂၁)။

သူတစ်ပါးအားချစ်ခြင်းဆိုသည်မှာ အခါအားလျော်စွာ မိမိ၏လွတ်လပ်မှုကို ထိန်းချုပ်ကန့်သတ်လိုက်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၌ လွတ်လပ်စွာ ဘာမဆို လုပ်နိုင်ခွင့်ရှိသော်လည်း တစ်ခါတစ်ရံတွင် ချစ်ခြင်းမေတ္တာက ကျွန်ုပ်တို့အား ထိန်းကြောင်းတည့်မတ်ပေးပါသည်။WINN COLLIER