သမိုင်းတစ်လျှောက် ဆုကျေးဇူးအပြည့်ဆုံးနှင့် အထိရောက်ဆုံးဟောပြောနိုင်သည့် တရားဟောဆရာများတွင် ဂျော့ဝှိုက်ဖီးလ်ဒ် (George Whitefield) (၁၇၁၄-၁၇၇၀) ပါဝင်သည်။ သူသည် လူထောင်ပေါင်းများစွာကို သခင်ယေရှုထံ ပို့ဆောင်နိုင်ခဲ့သူ ဖြစ်သည်။ သို့ရာတွင် သူ့အသက်တာသည်လည်း အချေအတင် အငြင်းပွားသည့်ကိစ္စများနှင့် မလွတ်ခဲ့ပါ။ လူများစွာပါဝင်နိုင်ရန်ရည်ရွယ်ပြီး လေဟာပြင် တရားဟောပွဲများကို ကျင်းပလေ့ရှိသည့်အတွက် သူ၏ရည်ရွယ်ချက် ကို မေးခွန်းထုတ်ခဲ့ပြီး နံရံလေးဘက်ရှိသည့် အသင်းတော်အဆောက်အအုံ အတွင်း ၌သာ သူတရားဟောသင့်သည်ဟု ယူဆသူများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။ သူ၏အုတ်ဂူပေါ်တွင် ရေးထားသည့်စာသားက သူ့အား ကြမ်းတမ်းစွာပြောဆို သူများအပေါ် သူ၏တုံ့ပြန်မှုကို ထင်ဟပ်လျက်ရှိသည်။ “ကျွန်ုပ်၏စရိုက်သ‌ဘော ကို ဖြေရှင်းရန်အတွက် တရားစီရင်ရာနေ့အထိ စောင့်ဆိုင်းဖို့ ကျွန်ုပ်ဆန္ဒရှိပါသည်။ ကျွန်ုပ်သေပြီးနောက် ‘ဤနေရာတွင် ဂျော့ဝှိုက်ဖီးလ်ဒ် လဲလျောင်းလျက်ရှိသည်။ သူသည် မည်ကဲ့သို့သောလူမျိုးဖြစ်သည်ကို စီရင်ရာနေ့ကြီးက ထုတ်ဖော်ပြသ မည်ဖြစ်သည်’ဆိုတဲ့ သင်္ချိုင်းစာထက် အခြားဘာစာကိုမှ ကျွန်ုပ်အလိုမရှိပါဘူး။”

ဓမ္မဟောင်းကျမ်းတွင် တစ်ပါးသူ၏ပြင်းထန်စွာဝေဖန်ကဲ့ရဲ့မှုကို ခံရချိန်၌ ဒါဝိဒ် သည် မိမိကိုယ်ကိုယ် ဘုရားသခင်ထံ အပ်နှံခဲ့သည်။ ပုန်ကန်ထကြွမှုကို ဦးဆောင် သည်ဟု ရှောလု၏မှားယွင်းစွာစွပ်စွဲခံရပြီး ချဥ်းကပ်လာသည့် ရှောလု၏ စစ်တပ်ကို ရှောင်ရှားရန် ဂူထဲ ပုန်းအောင်းခဲ့ရသည်။ “ငါ့ဝိညာဉ်သည် ခြင်္သေ့စုထဲမှာ နေရ၏။ … သူတို့ သွားတို့သည် လှံနှင့်မြှားဖြစ်ကြ၏။ သူတို့လျှာသည်လည်း ထက်သော သန်လျက် ဖြစ်၏” (ဆာ ၅၇:၄) ဟု ဒါဝိဒ်က အခြေအနေကို ဖော်ကျူးခဲ့သည်။ ထိုကဲ့သို့ အခြေအနေခက်ခဲနေသည့်တိုင် သူသည် ဘုရားသခင်ထံ ခိုလှုံကာ နှစ်သိမ့်မှုရရှိခဲ့သည်။ “အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်းကင်သို့ လည်းကောင်း၊ သစ္စာတော်သည် မိုးတိမ်သို့လည်းကောင်း မီပါ၏” (:၁၀)။

အခြားသူများ မိမိအား အထင်အမြင်လွဲမှားပြီး ငြင်းပယ်သည့်အခါ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ခိုလှုံရာဖြစ်တော်မူ၏ (: ၁)။ အစဥ်အမြဲတည်ပြီး ကရုဏာတော်ကြွယ်ဝသည့်မေတ္တာတော်ကြောင့် ကိုယ်တော်သည် ထာဝရ ချီးမွမ်းခြင်းခံရပါစေသော်။ JAMES BANKS