နာလန်မထူလာနိုင်လောက်အောင် ဖျားနာနေသည်ဟုယူဆလျက် သူ့သခင်က သူ့အား တိရိစ္ဆာန်ဂေဟာ၌ စွန့်ပစ်ခဲ့စဥ်က ရာဒါမီန်းစ်သည် ကြောင်ပေါက်စလေး မျှသာ ရှိသေးသည်။ ၎င်းကို တိရိစ္ဆာန်ဆေးကုဆရာဝန်က ကျန်းမာလာအောင် ပြုစုစောင့်ရှောက်မွေးမြူခဲ့သည်။ ကြောင်လေးသည် ထိုဂေဟာတွင် အမြဲတမ်း နေထိုင်သူဖြစ်လာခဲ့ပြီး ယခုအခါတွင် သူ၏နွေးထွေးသော အဖော်ပြုမှုနှင့် သိမ်မွေ့သောမြည်သံသဲ့သဲ့အားဖြင့် ယခုမှခွဲစိတ်ပြီးသော (သို့) နာမကျန်းဖြစ်ရာမှ နာလန်ထခါစ ကြောင်နှင့်ခွေးများအား “နှစ်သိမ့်ပေး”လျက် ရှိတော့သည်။

ဤအဖြစ်အပျက်သည် ချစ်ကြင်နာသောဘုရားသခင်က ကျွန်မတို့အတွက် ပြုပေးသောအရာနှင့် ကျွန်မတို့က အခြားသူများအတွက် အတုံ့အလှည့်အဖြစ် ပြုပေးနိုင်သောအရာကို ဖော်ပြသည့် ပုံရိပ်လေးဖြစ်သည်။ ဖျားနာနေစဥ်နှင့် ကြိုးစားရုန်းကန်ရစဥ်တွင် ဘုရားသခင်သည် ကျွန်မတို့အား ဂရုစိုက်စောင့်ရှောက် ပေးပြီး သူ၏မျက်မှောက်တော်အားဖြင့် စိတ်ငြိမ်သက်ခြင်းကို ရစေသည်။ ကောရိန္သုဩဝါဒစာဒုတိယစောင်တွင် ရှင်ပေါလုက ဘုရားသခင်ကို “သနားခြင်း ကရုဏာ၏အဘ၊ သက်သာခြင်းအမျိုးမျိုးတို့၏အရှင်”ဟု ခေါ်သည်။ စိတ်ဓာတ် ကျပြီး စိတ်ပျက်အားငယ်စဥ် (သို့) ညှဥ်းဆဲနှိပ်စက်ခံရစဥ်တွင် သခင်သည် ကျွန်မတို့ အတွက်ရှိနေသည်။ ဆုတောင်းခြင်းဖြင့် သူ့ထံချဥ်းကပ်သောအခါ ကိုယ်တော် သည် ကျွန်မတို့အား “ဆင်းရဲခြင်းအမျိုးမျိုးတို့မှ သက်သာစေ “မည်ဖြစ်သည် (:၄)။

အခန်းငယ် ၄ သည် ထိုမျှနှင့် မပြီးသွားပါ။ ပြင်းထန်သော ဆင်းရဲဒုက္ခကို ကြုံတွေ့ခဲ့ရသူ ရှင်ပေါလုက “ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ကိုယ်တိုင်သက်သာခြင်းရှိသကဲ့သို့ ဆင်းရဲခြင်းအမျိုးမျိုးကို ခံရသောသူတို့အား သက်သာစေနိုင်မည်”ဟု ဆက်ရေးထားသည်။ အဘဘုရားက ကျွန်မတို့အား သက်သာစေပြီး၊ သူ၏သက်သာစေခြင်းကို ခံစားရပြီးနောက် အခြားသူကို ကျွန်မ တို့ တစ်ဖန် နှစ်သိမ့်မှုပေးနိုင်သည်။ ကျွန်မတို့အတွက် ဆင်းရဲခံခဲ့သည့်သနားခြင်းကရုဏာရှင် ကယ်တင်ရှင်သည် ကျွန်မတို့ဒုက္ခခံရလျက် စိတ်သောက ရောက်စဥ် တွင် သက်သာစေသည်သာမက (:၅)၊ နာကျင်မှုကို ကျော်လွှားနိုင်ရန်၊ အခြားသူကို အလားတူ သက်သာမှုပေးရန် စောင်မကူညီပေးပေသည်။ ALYSON KIEDA