ဗီဒီယိုဂိမ်း တစ်ခုတွင် ပါဝင်ကစားသူ ဦးရေ ၁၀၀ ကို အွန်လိုင်း ကျွန်းတစ်ခုပေါ်တွင် ရှိစေပြီး ကစားသူတစ်ဦးတည်းသာ ကျန်သည်အထိ ယှဥ်ပြိုင်စေသည်။ ကစားသူ တစ်ဦးက သင့်အား အနိုင်ယူလိုက်သည့်အခါတိုင်းတွင် သင်သည် ထိုသူ၏ ရှုထောင့်မှ နေ၍ ပြိုင်ပွဲကို ဆက်လက်ကြည့်ရှုနိုင်သည်။ သတင်းသမားတစ်ဦး ရေးသားခဲ့သလိုပင် “အခြားကစားသူတစ်ဦး၏နေရာကိုဝင်ယူပြီး သူတို့၏ရှုထောင့် တွင် နေကြည့်သောအခါ စိတ်ခံစားချက်အမြင်သည် မိမိအကျိုးအတွက် လုပ်ဆောင် ခြင်းမှ အဖွဲ့အတွက် စိတ်ဝင်စားခြင်းသို့ ပြောင်းလဲသွားသည်။ မိမိအား မကြာမီကမှ အနိုင်ယူခဲ့သူ လူစိမ်းတစ်ဦးအား မေတ္တာထားလာစေနိုင်သည်။”

စိတ်နှလုံးကို ဖွင့်ဟပြီး မိမိ၏ကိုယ်ပိုင်အမြင်ကိုကျော်၍ အခြားသူများ၏ နာကျင်မှု၊ ကြောက်ရွံ့မှု သို့မဟုတ် မျှော်လင့်ချက်များကို ခံစားသိရှိရချိန်တိုင်းတွင် ပြုပြင်ပြောင်းလဲခြင်းများ ဖြစ်ပေါ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏စံနမူနာ အတိုင်း လိုက်လျှောက်ကာ “ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမှမပြုကြ”ဘဲ “သူတစ်ပါးသည် ကိုယ်ထက် သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်” ထားရှိရမည် (ဖိ ၂:၃)။ ထိုအခါ မိမိသတိမပြုမိဘဲ လွတ်သွားသည့်အရာများကို သတိပြုလာမိမည်။ ကျွန်ုပ်တို့ အလေးထားစရာကိစ္စများ ပိုမိုများပြားလာသည်။ ကွဲပြားခြားနားသောမေးခွန်းများကို မေးလာကြသည်။ မိမိ၏ကိုယ်ပိုင်လိုအပ်ချက်နှင့် စိုးရိမ်ပူပန်စရာ များကို စဥ်းစားနေခြင်းထက် ကျွန်ုပ်တို့သည် အခြားသူများ၏ ကောင်းကျိုးချမ်းသာ အတွက် အလေးထားလာသည်။ “ကိုယ့်အမှုအရာ”ထက် “သူ့အမှုအရာ” အတွက် လုပ်ဆောင်လာကြသည် (:၄)။ မိမိရှင်သန်ရန် လိုအပ်သည်ဟု ယူဆထားသည့် အရာများကို ကာကွယ်ရမည့်အစား အခြားသူများကို အကျိုးပြုသည့်အမှုအရာ များအား ဝမ်းမြောက်စွာ ကူညီဆောင်ရွက်လာကြသည်။

ဤပြောင်းလဲသွားသောအမြင်ကြောင့် အခြားသူများအပေါ် ကျွန်ုပ်တို့ သနားကရုဏာ ထားလာသည်။ မိမိ၏မိသားစုအား မည်သို့မည်ပုံ ချစ်ရမည်ကို ပိုမိုသိမြင်လာကြသည်။ ကျွန်ုပ်တို့သည် ရန်သူတစ်ဦးကို မိတ်ဆွေတစ်ဦး ဖြစ်လာ အောင်ပင် လုပ်နိုင်ပါလိမ့်မည်။ WINN COLLIER