မိုက်ဘာဒန်သည် သူနေထိုင်ရာ မြို့လေးတွင် အမှတ်တရပစ္စည်းဆိုင်လေးတစ်ဆိုင် ဖွင့်ပြီး နာကြည်းမုန်းတီးမှုနှင့်ပြည့်သည့်အစည်းအဝေးများ ပြုလုပ်လာသည်မှာ ၁၅ နှစ်ခန့် ရှိပြီးဖြစ်သည်။ သို့သော် ၂၀၁၂ ခုနှစ်တွင် သူ၏ဇနီးသည်က ထိုလုပ်ရပ်များတွင် အဘယ်ကြောင့် ပါဝင်ပတ်သက်နေသည်ကို မေးခွန်းထုတ်ရာမှ သူ၏စိတ်နှလုံး ပျော့ပြောင်းသွားသည်။ ထိုမှတစ်ဆင့် သူ၏မှားယွင်းသော လူမျိုးရေး ခွဲခြားသောအမြင်များကို ဆင်ခြင်မိပြီး ထိုကဲ့သို့လူစားမျိုး လုံးဝမဖြစ်ချင် တော့ပေ။ ထိုအခါ စစ်သွေးကြွနေသူအဖွဲ့က ၎င်းတို့အဖွဲ့ဝင်တစ်ဦးထံမှငှားရမ်းထားသည့် ထိုဆိုင်ခန်းမှ သူတို့မိသားစုကို မောင်းထုတ်နှင်ချလိုက်တော့သည်။

ထိုသို့ ဒုက္ခရောက်သော် မည်သူ့ထံမှ သူအကူအညီတောင်းခဲ့သနည်း။ သူနှင့် ပြဿနာဖြစ်ဖူးသော ဒေသခံလူမည်းသင်းအုပ်ထံမှအကူအညီတောင်းခဲ့ခြင်းက အံ့သြစရာဖြစ်သည်။ သင်းအုပ်နှင့်အသင်းသားများသည် မိုက် ၏မိသားစုအတွက် နေရာထိုင်ခင်းနှင့် အစားအသောက်ကို အချိန်အတိုင်းအတာတစ်ခုအထိ ထောက်ပံ့ ပေးခဲ့သည်။ မိုက် က သူ့ကို ဘာကြောင့်ကူညီခဲ့သလဲဟု မေးရာ “ယေရှုက အရမ်း မထင်ပေါ်တဲ့အရာတစ်ချို့ကို လုပ်ခဲ့တယ်။ သူတစ်ပါးကို ကူညီဖို့ အချိန်ကျလာရင် ဘုရားသခင် လုပ်စေချင်တဲ့အရာကို လုပ်လိုက်တာပါပဲ”ဟု သင်းအုပ် ကနေဒီ က ရှင်းပြသည်။ ထို့နောက် လူမျိုးရေးခွဲခြားပြီး အမုန်းတရား ဖြန့်ခဲ့ခြင်းအတွက် ဆရာကနေဒီ၏အသင်းတော်၌ လူမည်းပရိသတ်ကို မိုက် တောင်းပန်ခဲ့သည်။

သခင်ယေရှုသည် တောင်ပေါ်ဒေသနာတွင် လူကြိုက်မများသော မထင်ပေါ် သော အတွေးအခေါ်တစ်ချို့ကို သွန်သင်ခဲ့သည်။ “တောင်းသောသူအားပေးလော့။ … သင်တို့၏ရန်သူတို့ကို ချစ်ကြလော့” (မ ၅:၄၂၊ ၄၄)။ ထိုဆန့်ကျင်ဘက် တရားကိုလိုက်နာရန် ကျွန်ုပ်တို့ကို ဘုရားသခင် မိန့်တော်မူသည်။ ထိုသို့ ပြုကျင့်ခြင်းက အားနည်းချက်ကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တွင် ဘုရားသခင်၏ ခွန်အားများဖြင့်သာ ထိုကဲ့သို့ လုပ်နိုင်ခြင်းဖြစ်သည်။

ကျွန်ုပ်တို့ကိုသွန်သင်သော ဘုရားရှင်သည် တစ်ဘက်က ပြုမူလာသည့် အတိုင်း မတုံ့ပြန်ဘဲ သူစေခိုင်းသည့်အတိုင်းတုံ့ပြန်သော ဘဝမျိုးနှင့် အသက် ရှင်ရန် ခွန်အားပေးသူဖြစ်သည်။ ANNE CETAS