ပင်ပန်းနွမ်းနယ်ပြီး အိုးမဲပေကျံနေသည့် မီးသတ်သမားနှစ်ဉီးသည် စားသောက်ဆိုင် တစ်ခု၌ မနက်စာလာစားရာ စားပွဲထိုးမိန်းကလေးက ၎င်းတို့နှစ်ဉီးမှာ မနေ့က ကုန်ကြမ်းစက်ရုံမီးလောင်ပြင်၌ တစ်ညလုံး မီးငြိမ်းသတ်ခဲ့သူများဖြစ်ကြောင်း သတင်းတွင် တွေ့လိုက်ပြီး မှတ်မိသွားသည်။ ကျေးဇူးတင်စိတ်ကို ဖော်ပြသည့် အနေဖြင့် ပြေစာစာရွက်တွင် “မနက်စာကို ကျွန်မကျွေးပါရစေ၊ လူတွေကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ လူအများက ထွက်ပြေးကြပေမဲ့၊ အရာရှိကြီး တို့က မီးလောင်တဲ့နေရာကို ပြေးပြီး ကယ်တင်ပေးကြလို့ ကျေးဇူးအရမ်းတင် ပါတယ်။ အင်မတန်မှ သတ္တိကြီးပြီး သူရဲကောင်းစိတ်ဓာတ်ဖြစ်တယ်။ တကယ် စံထားရမယ့် ပုဂ္ဂိုလ်များဖြစ်ပါတယ်” ဟု ရေးသားခဲ့သည်။

ဓမ္မဟောင်းတွင် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ အမည်ရှိသော လူငယ်သုံးဦး၏သတ္တိကို သာဓကအနေဖြင့် ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၃ ၌ တွေ့မြင်နိုင်သည်။ ဗာဗုလုန်ဘုရင် တည်ထားသော ရွှေရုပ်ထုကြီးကို ဘုရင်၏အမိန့်တော်ကို နာခံပြီး ပြပ်ဝပ်ကိုးကွယ်မည့်အစား ဘုရင့်အမိန့်ကို ငြင်းဆန်ခြင်းအားဖြင့် လူငယ်သုံးဦးသည် ထာဝရဘုရားအား ချစ်သောစိတ်ကို သတ္တိရှိရှိ ပြခဲ့သည်။ ဘုရင့်အမိန့်ကို ငြင်းဆန်သူအတွက် ပြစ်ဒဏ်မှာ မီးလောင် လျက်ရှိသော မီးဖိုထဲသို့ပစ်ချခံရခြင်းဖြစ်သည်။ သို့သော် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့သည် နောက်မဆုတ်ခဲ့ပါ။ အခန်းငယ် ၁၇-၁၈ တွင် “အကျွန်ုပ်တို့ ကိုးကွယ်သော ဘုရားသခင်သည် မီးလောင်လျက်ရှိသော မီးဖိုထဲက အကျွန်ုပ်တို့ကို ကယ်လွှတ်တော်မူလိမ့်မည်။ ကိုယ်တော်၏လက်မှလည်း ကယ်လွှတ်တော်မူ လိမ့်မည်။ ထိုသို့ ကယ်လွှတ်တော်မမူသော်လည်း အရှင်မင်းကြီး၊ ကိုယ်တော်၏ ဘုရားတို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကို မကိုးကွယ်ပါ ဟု ပြန်လျှောက်ကြ၏။”

ထာဝရဘုရားသည် သူတို့ကို ကယ်ခဲ့သည်သာမက မီးတောက်ထဲတွင် အတူလျှောက်လှမ်းခဲ့သည် (:၂၅-၂၇)။ ယနေ့ ကျွန်ုပ်တို့၏ဒုက္ခနှင့် ပြဿနာ မီးလျှံတွင် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိသည်ဟူသောအာမခံချက် ရှိပြီး ကိုယ်တော်သည် အရာအားလံုးကို တတ်နိုင်တော်မူသည်။ ALYSON KIEDA