ယူရီ ဂါဂါရင် (Yuri Gagarin)သည် အာကာသသို့ ပထမဆုံးရောက်ရှိသည့်လူသား ဖြစ်လာပြီးနောက် ကမ္ဘာမြေသို့ ပြန်ဆင်းလာသောအခါ သူ့လေထီးမှာ ရုရှား ကျေးလက် ဒေသ၌ ကျခဲ့သည်။ လယ်သူမတစ်ဦးသည် လေထီး ၂ ခုကို ဆွဲထုတ်နေသော ဦးထုပ်ဆောင်းထားဆဲ လိမ္မော်ရောင်ဝတ်စုံနှင့် အာကာသ ယာဉ်မှူးကို တွေ့ပြီး “ရှင်၊ အာကာသက လာတာလား” ဟု တအံ့တသြ မေးလိုက် ရာ ဂါဂါရင်က “အမှန်တိုင်းပြောရရင် ဟုတ်ပါတယ်”ဟု ပြန်ဖြေလိုက်သည်။

ဆိုဗီယက်ခေါင်းဆောင်များက သမိုင်းဝင်အာကာသခရီးစဥ်အား ဘာသာရေးကို အယုံကြည်မရှိသော ဝါဒဖြန့်ချိရေးအဖြစ် ပြောင်းလဲခဲ့ခြင်းက ဝမ်းနည်းစရာဖြစ်သည်။ “ဂါဂါရင် က အာကာသကို သွားခဲ့ပေမယ့် အဲဒီမှာ ဘာဘုရားမှ သူမမြင်ခဲ့ရဘူး” ဟု သူတို့၏ဝန်ကြီးချုပ်က ကြေညာခဲ့သည်။ (ဂါဂါရင်ကိုယ်တိုင် ထိုသို့ မပြောဆိုခဲ့ပါ)။ ဆရာကြီး စီအက်စ် အက်စ်လူးဝစ် (C. S. Lewis)က မှတ်ချက်ချခဲ့သည့်အတိုင်း “မြေကြီးပေါ်၌ ဘုရားသခင်ကို ရှာ မတွေ့သူများသည် အာကာသထဲတွင် ဘုရားကို သွားရှာတွေ့ရန် မဖြစ်နိုင်ပါ။”

ဤဘဝ၌ ဘုရားသခင်ကို လျစ်လျူရှုခြင်းနှင့်ပတ်သက်၍ သခင်ယေရှု သတိပေးခဲ့သည်။ ဘုရားသခင်အတွက် အချိန်မရှိခဲ့သည့် သူဌေးကြီးတစ်ဦးနှင့် ယုံကြည်ခြင်းအရာ၌ ကြွယ်ဝသော သူဆင်းရဲလာဇရုတို့ သေဆုံးခြင်းအကြောင်းကို ပြောခဲ့သည်(လု ၁၆:၁၉-၃၁)။ စိတ်ဆင်းရဲခြင်းများစွာနှင့် သူဌေးကြီးက လောက၌ ရှိနေသေးသည့် သူ့ညီအစ်ကိုများအတွက် အာဗြဟံကို အသနားခံခဲ့သည်။ “သေသောလူစုထဲက တစ်ယောက်သောသူသည် ထမြောက်၍ သူတို့ရှိရာသို့သွား လျှင် သူတို့သည် နောင်တရကြပါလိမ့်မည်” (:၃၀)ဟုဆိုပြီး လာဇရုကို စေလွှတ်ရန် တောင်းပန်ခဲ့သည် (:၂၇)။ “သူတို့သည် မောရှေ၏စကား၊ ပရောဖက်တို့၏စကားကို နားမထောင်လျှင် တစ်ယောက်သောသူသည် သေခြင်းမှထမြောက်သော်လည်း မယုံကြည်နိုင်ကြ” (:၃၁) ဟု အဓိကအချက်ကို အာဗြဟံ ထောက်ပြခဲ့သည်။

“မြင်နေရုံနှင့် ဘယ်တော့မှ ယုံကြည်ခြင်းဖြစ်မလာဘူး”ဟု ဆရာကြီး အော့စ် ဝဲလ် ချိန်းဘားစ် (Oswald Chambers)က ဆိုခဲ့သည်။ မိမိယုံကြည်သည့်အရာ ပေါ်မူတည်၍ မိမိမြင်သည့်အရာကို ကျွန်ုပ်တို့ အနက်ဖွင့်ကြပါသည်။ TIM GUSTAFSON