အသက် ၁၈ နှစ်ပြည့်တော့မည့် ကေဒန်သည် သူဦးစားပေးရွေးချယ်ခဲ့သည့် ကောလိပ်တွင် ပညာသင်ထောက်ပံ့ကြေးရပြီး ကျောင်းတတ်ရမည့်နေ့ကို မျှော်မဆုံး ဖြစ်နေသည်။ သူအထက်တန်းကျောင်းတက်စဥ်က ကျောင်းတွင်း သာသနာလုပ်ငန်း၌ ပါဝင်ခဲ့သလို ကောလိပ်တွင်လည်း ပတ်ဝန်းကျင်အသစ်၌ အမှုတော်ဆောင်နိုင်ရန် မျှော်လင့်နေသည်။ အချိန်ပိုင်းအလုပ်မှ ဝင်‌ငွေကို သူစုထားသလို အလုပ်အသစ်ရဖို့လည်း အလားအလာ ရှိနေသည်။ သူရည်မှန်း ထားသည့်အတိုင်း အားလုံးက အံကိုက်ဖြစ်သည်။

ထိုနောက်တွင် ၂၀၂၀ခုနှစ် နွေဦး၌ ကမ္ဘာလုံးဆိုင်ရာ ရောဂါကပ်ဘေးက အရာအားလုံးကို ပြောင်းလဲပစ်လိုက်သည်။

သူ၏ပထမနှစ်ဝက်စာသင်ကာလကို အွန်လိုင်း မှ သင်မည်ဖြစ်ကြောင်း ကျောင်းမှ အကြောင်းကြားလာသည်။ ကျောင်းတွင်းသာသနာလုပ်ငန်းကို ရပ်ဆိုင်းထားရသလို စီးပွားရေး မကောင်းသဖြင့် အလုပ်သစ်က မျှော်တိုင်း ဝေးပြီ။ စိတ်ပျက်နေသောသူ့ကို သူ့သူငယ်ချင်းက နာမည်ကြီး လက်ဝှေ့သမား တစ်ဦး၏စကားတစ်ခွန်းကို ပြောပြခဲ့သည်။ “မျက်နှာတည့်တည့် အထိုးမခံရ သေးတဲ့ အချိန်အထိတော့ လူတိုင်းမှာ ကြိုတင်အကြံစည်ရှိကြတာပဲ”တဲ့။

သုတ္တံကျမ်းတွင် “ကိုယ်ပြုသောအမှုတို့ကို ထာ၀ရဘုရား၌ အပ်လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြလိမ့်မည်” (သု ၁၆:၃-၄)ဟု ဆိုသည်။ သို့သော် စစ်မှန်သည့် အပ်နှံခြင်းကတော့ ခက်ခဲပါသည်။ ဘုရားသခင်၏ လမ်းပြမှုကို ဝန်ခံလိုစိတ်နှင့်အတူ ကိုယ့်အစီအစဥ်နှင့်ကိုယ် ကိုယ့်လမ်း ကိုယ်ဖောက်ချင်သည့်စိတ်ကို ဆန့်ကျင်လိုစိတ် ရှိရပါမည် (၁၆:၉၊ ၁၉:၂၁)။

အိမ်မက်များ ဖြစ်မလာသည့်အခါ စိတ်ပျက် စိတ်ဆင်းရဲရပါသည်။ သို့သော် မိမိအနာဂတ်အတွက်ထားရှိသည့် အကန့်အသတ်ရှိသည့်အမြင်က အရာခပ်သိမ်း ကို သိမြင်သည့် ဘုရားသခင်၏အမြင်နှင့် မည်သို့မျှ ယှဥ်၍မရပါ။ ဘုရားသခင်ထံ ကိုယ်ကိုကိုယ်အပ်နှံထားသောအခါ ရှေ့အနာဂတ်ကို မမြင်ရသည့်တိုင် ကျွန်ုပ်တို့၏ခြေလှမ်းတိုင်းကို သခင်ပြင်ဆင်လမ်းညွှန်နေကြောင်း ကျွန်ုပ်တို့စိတ်ချ သေချာနိုင်ပါသည် (၁၆:၉)။ CINDY HESS KASPER