ကားရေဆေးသည့်ဆိုင်၌ ကျွန်တော့်ရှေ့မှပုဂ္ဂိုလ်က အလုပ်ရှုပ်နေသည်။ သူ၏ ပစ်ကပ်ကားအနောက်ဘက်သို့ ခြေလှမ်းကြဲကြဲနှင့် လျှောက်သွားပြီး အရှိန် ပြင်းပြင်းလှည့်နေသည့် ကားရေဆေးဘရပ်ရှ်နှင့် ညှိသွားမှာစိုးပြီး ကားကို ဆိုင်းထားသည့်ကြိုးကို ဖယ်ရှားလိုက်သည်။ သူက ပိုက်ဆံအရင်ရှင်းပြီး အလိုအလျောက်ရွေ့နေသည့် ရေဆေးသည့်စင်ပေါ်သို့ ကားမောင်းတက်သွားပြီး ဂီယာကို “မောင်းရန် – D” နေရာ၌ ထားမိသည်။ ဆိုင်အကူလေးက “ဂီယာဖြုတ်၊ ဂီယာဖြုတ်”ဟု ကားမရွေ့ရန် ဂီယာကို “မူလအနေ – N” သို့ရွှေ့ရန် လှမ်းအော်ပြော သော်လည်း ကားပြတင်းပေါက်ပိတ်ထားသဖြင့် ထိုသူ မကြားပါ။ ၄ စက္ကန့် အတွင်း ကားဆေးခြင်းပြီးသွားပြီး သူ့ကားမှာ ရေပင် မစိုခဲ့ပါ။

ထို့အတူ ဧလိယ၌ လုပ်ဆောင်ရန် တာဝန်တစ်ခုရှိသည်။ သူက ဘုရားသခင်အတွက် ကြီးကြီးမားမား အစေခံခဲ့ပြီးဖြစ်သည်။ အဆုံးအဖြတ် ပေးသည့်ပွဲတွင် ဗာလဘုရား၏ပရောဖက်များကို သဘာဝလွန် အနိုင်ယူခဲ့သည် (၃ ရာ ၁၈:၁၆-၃၉)။ ထိုနောက် သူအားအင်ကုန်ခမ်းပြီး သူအနားယူရန် လိုအပ်နေခဲ့သည်။ ထာဝရဘုရားသည် သူ့အရင် မောရှေအား ထင်ရှားပြခဲ့သည့် ဟောရပ်တောင် ဆီသို့ ဧလိယကို ပို့ဆောင်ခဲ့သည်။ ထိုအရပ်၌ ဘုရားသခင်သည် တစ်ဖန် တောင်များကို လှုပ်ရှားစေသည်။ သို့သော် ထာဝရဘုရားသည် ကျောက်တောင်ကိုကွဲစေသည့် လေပြင်းထဲ၌ မရှိသလို မြေလှုပ်ခြင်းနှင့် မီးထဲ မှာလည်း ရှိမနေ ခဲ့ပါ။ ထာဝရဘုရားသည် ဧလိယကို ဖြည်းညင်းသောအသံနှင့်သာ စကားပြောခဲ့ပါသည်။ “ထိုအသံကို ဧလိယသည် ကြားလျှင် မျက်နှာကို ဝတ်လုံနှင့် ဖုံးအုပ်လျက် ထွက်၍” ထာဝရဘုရားကို သွားတွေ့ခဲ့သည် (:၁၃)။

သင်နှင့် ကျွန်ုပ်၌လည်း တာဝန်တစ်ခုရှိပါသည်။ ကယ်တင်ရှင်အဖို့ ကြီးသောအမှုပြုရန် “မောင်းရန် – D” နေရာတွင် ကျွန်ုပ်တို့အသင့်ရှိနေသည်။ သို့သော် ငြိမ်ဝပ်စွာ မနေလျှင် (ဂီယာကို “မူလအနေ – N” သို့မရွှေ့လျှင်) အသက်တာ ဗရမ်းဗတာဖြစ်ကာ ဝိညာဥ်တော်သွန်းလောင်းမှုနှင့် ကင်းလွတ်သွားနိုင်သည်။ ကိုယ်တော်က “ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင်ဖြစ်သည်ဟုသိမှတ် ကြလော့ …” (ဆာ ၄၆:၁၀)ဟု တီးတိုးဆိုသည်။ ဂီယာဖြုတ်ထားပါ။ MIKE WITTMER