၂၀၁၉ ခုနှစ်တွင် တောင်တက်သမားတစ်ဉီးသည် ဧဝရက်တောင်ထိပ်မှ နေထွက်လာခြင်းကို နောက်ဆုံးမြင်ခဲ့ရသည်။ အန္တရာယ်များသည့်တောင်တက် ခရီးကို သူအောင်မြင်ခဲ့ သော်လည်း ထိုတောင်အမြင့်တွင် သူ့နှလုံးမှာခံနိုင်ရည်မရှိဘဲ အဆင်းလမ်း၌ ကွယ်လွန်ခဲ့သည်။ ဆေးပညာဆိုင်ရာကျွမ်းကျင်သူတစ်ဉီးက တောင်ထိပ်ရောက်လျှင် ခရီးစဉ်ပြီးဆုံးပြီဟု မထင်မှတ်ရန် တောင်တက်သမားများကို သတိပေးသည်။ “သူတို့သည် သေခြင်းစက်ကွင်း၌ ရှိနေသည်”ကို သတိရလျက် အမြန်ဆုံး ပြန်ဆင်းလာရန် လိုသည်။

ဒါဝိဒ်သည်လည်း အန္တရာယ်များကို အောင်မြင်ကျော်လွှားလျက် ထိပ်ဆံုးသို့ ရောက်ခဲ့သည်။ ခြင်္သေ့နှင့် ဝက်ဝံများကို သူသတ်ဖြတ်ခဲ့သည်။ ဂေါလျတ်ကြီးကို လောက်လွှဲနှင့် အနိုင်ယူခဲ့သည်။ ရှောလု၏လှံချက်နှင့် သူ့ကို လိုက်လံဖမ်းဆီးသည့် စစ်တပ်၏အန္တရာယ်ကို ရှောင်တိမ်းနိုင်ခဲ့သည်။ ဖိလိတ္တိနှင့်အာမုန်အမျိုးကို အောင်နိုင်ပြီး တောင်ကို အစိုးရသူဖြစ်လာသည်။

သို့သော် သူသည် သေခြင်းစက်ကွင်း၌ရှိနေကြောင်း ဒါဝိဒ်မေ့သွားသည်။ “ဒါဝိဒ် သွားလေရာရာ၌ ထာဝရဘုရားစောင့်တော်မူ”သော်လည်း (၂ ရာ ၈:၆) ထိုသို့အောင်မြင်မှု အထွတ်အထိပ်၌ ဒါဝိဒ်သည် သူတစ်ပါး၏မယားကို ပြစ်မှားပြီး လူသတ်မှုကိုပါ ကျူးလွန်ခဲ့သည်။ သူ့အမှား၏အစမှာ အောင်မြင်မှုတောင်ထိပ်ပေါ် အနေကြာသွားခြင်း ဖြစ်သည်။ သူ၏စစ်တပ်က နောက်ထပ်စိန်ခေါ်မှုများအတွက် ပြင်ဆင်ထွက်ခွာသွားချိန်တွင် သူက “ယေရုရှလင်မြို့၌ နေခဲ့သည်” (၁၁: ၁)။ တစ်ချိန်က ဂေါလျတ်ကို တိုက်ရန် ဒါဝိဒ် သူ့ကိုယ်သူ ပေးဆပ် ကိုယ်ကျိုးစွန့် ခဲ့သည်။ ယခုတွင် သူ၏ အောင်မြင်မှုများ၌ သူယစ်မူးသာယာနေသည်။

ဘုရားသခင်အပါအဝင် လူတိုင်း၏ချီးမြှင့်မြှောက်စားမှုခံရချိန်တွင် (၇:၁၁-၁၆) အောက်ခြေမလွတ်အောင် သတိထားရန် ခက်လှသော်လည်း သတိထားရ ပါမည်။ အောင်မြင်မှုရလျှင် အောင်မြင်မှုအတွက် ချီးကျူးဂုဏ်ပြုမှုကို ခံယူနိုင် သည်။ သို့သော် ကျွန်ုပ်တို့ ဆက်လက်လှုပ်ရှားရမည်။ သေခြင်းစက်ကွင်း၌ ကျွန်ုပ်တို့ရှိနေပါသည်။ တောင်ပေါ်မှ ဆင်းလာပါ။ သင့်စိတ်နှလုံးနှင့် သင့်ခြေလှမ်း များကို စောင်မပဲ့ပြင်ရန် ဘုရားရှင်ထံတောင်းလျှောက်လျက် ချိုင့်ဝှမ်း၌ တစ်ပါးသူ တို့အား နှိမ့်ချစွာအစေခံပါ။ MIKE WITTMER