၁၉၈၃ ခုနှစ်တွင် အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဉီးကို သတ်ဖြတ်မှုဖြင့် ဆယ်ကျော်သက်သုံးဉီး အဖမ်းခံရသည်။ သတင်းအစီရင်ခံချက်အရ ထိုကလေး သည် သူ၏အားကစားအင်္ကျီကြောင့် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။ ထိုလူငယ်သုံးဉီးသည် ထောင်တစ်သက်တစ်ကျွန်းချမှတ်ခံရပြီး သူတို့၌ အပြစ်မရှိကြောင်း သက်သေအထောက်အထားများမတွေ့မီအချိန်အထိ ၃၆နှစ်တိုင် ထောင်ထဲ၌ နေခဲ့ရသည်။ အခြားသူတစ်ဦးက ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်။ တရားသူကြီးက သူတို့ကိုလွှတ်ငြိမ်းချမ်းသာခွင့်မပေးမီခွင့်လွှတ်ရန်တောင်းပန်စာထုတ်ပြန်ခဲ့သည်။

ကျွန်ုပ်တို့သည် မည်မျှပင်ကြိုးစားကြပါစေ (အာဏာပိုင်အရာရှိများက ကောင်းမှုမည်မျှ လုပ်ဆောင်ထားပါစေ) လူ့တရားမျှတမှုသည် မကြာခဏ ဆိုသလို အမှားအယွင်းရှိတတ်ပါသည်။ ကျွန်ုပ်တို့၌ သတင်းအချက်အလက် အစံုမရှိ။ ရိုးသားမှု မရှိသူများက အမှန်တရားကို ကြိုးကိုင် ခြယ်လှယ်ကြသေးသည်။ တစ်ခါတစ်ရံ မိမိသာ မှားနေတတ်သည်။ ကျွန်ုပ်တို့ဘ၀တွင် ဆိုးညစ်မှုများ ရှိနေ ခဲ့လျှင် ပြန်လည်တည့်မတ်ရန် နှစ်ပေါင်းများစွာ ကြာလိမ့်မည်။ ကျေးဇူးတင်စရာမှာ ပြောင်းလဲလွယ်သော လူသားများနှင့်မတူဘဲ ဘုရားသခင်သည် စုံလင်သော တရားမျှတမှုကို ကိုင်စွဲထားသည်။ “ဘုရားသခင်(၏)အမှုတော်သည် စုံလင်ပေ ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီ”ကြောင်း မောရှေ မိန့်ကြားခဲ့သည် (တရား ၃၂:၄)။ သခင်သည် အရာခပ်သိမ်းကို အရှိအတိုင်း မြင်ပါသည်။ ကျွန်ုပ်တို့ ပြစ်မှားခဲ့ပြီးနောက် အချိန်တန်လျှင် အဆုံး၌ တရားစီရင်မှုကို သခင်ဆောင်ကြဉ်း လာမည်။ မရေရာသော ခေတ်ကာလဖြစ်နေသော်လည်း “သစ္စာစောင့်သော ဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရား”ကို ကျွန်ုပ်တို့ အစေခံ နေသည်ဖြစ်သောကြောင့် ကျွန်ုပ်တို့၌ စိတ်ချမှုအပြည့်ရှိနေပါသည် (:၄)။

အမှားအမှန်နှင့်ပတ်သက်ပြီး မရေရာမှုများနှင့် ကျွန်ုပ်တို့အဆက်မပြတ် တွေ့ကြုံရနိုင်ပါသည်။ ကျွန်ုပ်တို့အပေါ် (သို့) မိမိချစ်ရသူများအပေါ် ကျူးလွန်ခဲ့ သော မတရားမှုများအတွက် ဘယ်သောအခါမျှ တရားမျှတမှုမရမှာကို ကျွန်ုပ်တို့ စိုးရိမ်မည်။ သို့သော် တရားမျှတမှုရှိသော ဘုရားသခင်သည် ယခုဘဝ (သို့) နောက်ဘဝ တစ်နေ့နေ့တွင် ကျွန်ုပ်တို့အတွက် တရားမျှတစွာစီရင်ပေးမည်ကို ကျွန်ုပ်တို့ ယုံကြည်နိုင်ပါသည်။