တာဝန်သိပြည်သူတစ်ဦးမှ ၉၁၁ သို့ ဖုန်းခေါ်ဆိုအကြောင်းကြားသဖြင့် ရဲအရာရှိများသည် ရထားလမ်းတစ်လျှောက် ကားမောင်းရင်း အမှောင်ထဲသို့ မီးမောင်းထိုး ရှာဖွေခဲ့ရာ သံမဏိရထားလမ်းပေါ်ခွပြီးရပ်နေသည့် မော်တော်ယာဥ်တစ်စီးကို တွေ့ရှိခဲ့သည်။ ကားသို့ တည့်တည့်မတ်မတ် အရှိန်ပြင်းစွာ ခုတ်မောင်းလာသော ရထား၏ကြောက်မက်ဖွယ်မြင်ကွင်းကို ရဲကားခေါင်းခန်းမှကင်မရာက အမိအရ ရိုက်ယူထားသည်။ “ရထားက တစ်နာရီ မိုင် ၅၀-၈၀ အရှိန်နဲ့ လာနေတာ” ဟု ရဲအရာရှိက ပြောပါသည်။ တုံ့ဆိုင်းမနေဘဲ ရထားမတိုက်ခင် သတိလစ်နေသူကို ကားထဲမှ စက္ကန့်အနည်းငယ်အတွင်း ဆွဲထုတ်လိုက်နိုင်ခဲ့သည်။

နှုတ်ကပတ်တော်၌ အတိအကျဆိုရလျှင် အရာခပ်သိမ်းဆုံးရှုံးနေချိန်များတွင် ဘုရားသခင်ကို ကယ်ဆယ်သူအဖြစ် ဖော်ပြထားပါသည်။ အီဂျစ်ပြည်တွင် ပိတ်မိပြီး၊ ဖိနှိပ်ချုပ်ခြယ်မှုအောက်တွင် ပျက်စီးတော့မည့် ဣသရေလလူမျိုးတို့အဖို့ လွတ်မြောက်ရာလမ်းကို မမြင်နိုင်ပါ။ သို့သော် ထွက်မြောက်ရာကျမ်းတွင် “ထာ၀ရ ဘုရားကလည်း အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဥ်းဆဲခြင်းကို ငါစေ့စေ့ မြင်ခဲ့ပြီ။ သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကျည်းခြင်း ‌ဝေဒနာကို သိ၏” (၃:၇)ဟု သူတို့အား မျှော်လင့်စရာအပြည့်ရှိသောစကားကို ဆိုခဲ့သည်။ ဘုရားသခင်သည် မြင်ရုံတင်မဟုတ်၊ “အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်…ခြင်းငှာ ငါဆင်းလာပြီ” (:၈)ဟု လက်တွေ့ပြသည်။ ဣသရေလလူမျိုးများကို ကျွန် ဘ၀မှ ကယ်နှုတ်ခဲ့ခြင်းသည် ဘုရားသခင်၏ မစကယ်တင်ခြင်းပေတည်း။

ဘုရားသခင်၏ ဣသရေလလူများကို ကယ်တင်ခြင်းအမှုအရာသည် လိုအပ်သူ မှန်သမျှကို မစပေးသော သူ၏စိတ်သဘောနှင့် ဘုန်းတန်ခိုးတော်ကို ဖော်ပြနေပါသည်။ ဘုရားရှင် မကယ်တင်ပါက ယိုယွင်းပျက်စီးတော့မည့် ကျွန်ုပ် တို့ကို ကိုယ်တော်ကူညီတော်မူ၏။ ကျွန်ုပ်တို့၏အခြေအနေသည် ဆိုးရွားလွန်း နေမည် (သို့) မဖြစ်နိုင်သော အခြေအနေဖြစ်နေလင့်ကစား ကျွန်ုပ်တို့၏အမြင်နှင့်စိတ်နှလုံးများသည် ကယ်မသနားရန် နှစ်သက်သော ဘုရားရှင်ထံသို့ မျက်မှောက်ပြု မျှော်ကြည့်နိုင်ပါသည်။