မကြာမီက ပြုလုပ်သော စစ်တမ်းတစ်ခုတွင် မိမိကိုယ်ကို အရွယ်ရောက်ပြီဟုယူဆကြသည့်အသက်ကို ဖော်ပြရန် မေးမြန်းရာ၊ ကိုယ်ကိုကိုယ် အရွယ်ရောက်ပြီဟု ယူဆသူများက သူတို့လူကြီးဖြစ်ပြီဟုပြသော သက်သေအဖြစ် အပြုအမူတစ်ခုခုကို သတ်သတ်မှတ်မှတ် ပြသကြသည်။ ဝင်ငွေရှိပြီး ကိုယ်ပိုင်အိမ် ၀ယ်ယူနိုင်ခြင်းသည် “အရွယ်ရောက်”သည့် လက္ခဏာအဖြစ် အများက လက်ခံထားကြသည်။ လူကြီး အရာရောက်သော အခြားလုပ်ငန်းဆောင်တာများမှာ အပတ်တိုင်း ညနေစာ ချက်ပြုတ်ရခြင်းမှအစ၊ ဆေးခန်းသွားရန် မိမိဘာသာ ရက်ချိန်းယူခြင်း စသည်တို့ အပြင်၊ ညစာအတွက် သရေစာသာ စားရန် ရွေးချယ်ခြင်း (သို့) စနေနေ့ညနေခင်း များတွင် အပြင်သွားခြင်းထက် အိမ်၌နေရခြင်းကို ပို၍စိတ်လှုပ်ရှားခြင်း စသည့် ရယ်စရာအချက်များအထိ ပါဝင်နေပါသည်။

သမ္မာကျမ်းစာမှ ဝိညာဥ်ရေးရင့်ကျက်မှုသို့ တက်လှမ်းရန် ကြိုးစားသင့်ကြောင်း ပြောထားသည်။ ရှင်ပေါလုက ဧဖက်အသင်းတော်မှလူများအား “ခရစ်တော်၏ ပြည့်စုံခြင်းပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူတို့၏အဖြစ်သို့ ရောက်” သည့်တိုင် ကြိုးစားကြရန် တိုက်တွန်းနှိုးဆော်သည် (ဧ ၄:၁၃)။ ယုံကြည်ခြင်းအရာ၌ “နုနယ်”စဥ်အခါ “ခပ်သိမ်းသောသြဝါဒလေ”ဒဏ်ခံရလျှင် (:၁၄) ဖရိုဖရဲလွင့်သွားနိုင်ပြီး၊ ရလဒ်အဖြစ် ကျွန်ုပ်တို့ကြား ကွဲပြားမှုကိုဖြစ်စေလိမ့်မည်။ သမ္မာတရားကို သိနားလည်ခြင်းအရာ၌ ကျွန်ုပ်တို့ရင့်ကျက်လာသည်နှင့်အမျှ “ဦးခေါင်းတည်းဟူသော ခရစ်တော်”၌ရှိသောခန္ဓာအဖြစ် သက်ဝင်လှုပ်ရှားလာပါမည် (:၁၅)။

ဘုရားသခင်ကိုသိကျွမ်းခြင်းအရာ၌ ကြီးထွားစေရေး ကျွန်ုပ်တို့ကို ကူညီ မစရန် သန့်ရှင်းသောဝိညာဥ်တော်ကို ကိုယ်တော်ပေးခဲ့သည် (ယော ၁၄:၂၆)။ ယုံကြည်ခြင်းအရာ၌ ကြီးထွားရင့်ကျက်ရန် သွန်သင်လမ်းပြမည့် သင်းအုပ်များနှင့် ဓမ္မဆရာများကို ဘုရားရှင်ပြင်ဆင်ထားသည် (ဧ ၄:၁၁-၁၂)။ အချို့လက္ခဏာ များသည် ရုပ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု၏သက်သေဖြစ်သကဲ့သို့ ခရစ်တော်၏ ခန္ဓာမှ အင်္ဂါချင်းများ၏စည်းလံုးမှုသည် ဝိညာဥ်ရေးရာတိုးတက်မှု၏သက်သေပင် ဖြစ်သည်။