ဗီဒီယိုကွန်ဖရင့်မှ ခေါင်းဆောင်က “မင်္ဂလာပါ” ဟုနှုတ်ဆက်သောအခါ “မင်္ဂလာပါ” ဟုပြန်ဖြေလိုက်သော်လည်း သူ့မျက်နှာကို မကြည့်မိဘဲ၊ ကွန်ပြူတာဖန်သားပြင်မှပြန်မြင်ရသော မိမိပုံကြည့်ရင်း အာရုံလွင့်နေသည်။ ကျွန်တော့်ရုပ်က ဘယ်လိုဖြစ်နေပါလိမ့်။ ကျွန်တော်တို့၏အဖွဲ့တွင် ပါ၀င်သော အခြားသူများ၏ ရွှင်လန်းနေသောမျက်နှာကို ကြည့်ပြီး “ဒါတော့ သူတို့ပုံနဲ့တူသားပဲ။ ဒီတော့ ဒါက ငါပဲဖြစ်မယ်။ ငါကိုယ်အလေးချိန် လျော့သင့်ပြီ။ ဆံပင်လည်း သွားညှပ်ရမယ်”ဟု တွေးမိသည်။

ဖာ‌ရောဘုရင်၏အတွေးထဲ၌ သူသည် အင်မတန်မှကြီးကျယ်ခမ်းနားသူပေ့ါ။ သူသည် “လူမျိုးတို့တွင် ခြင်္သေ့ပျိုကဲ့သို့ဖြစ်၍ အိုင်၌ကူးနေသော မိချောင်း ကဲ့သို့”ဖြစ်သည် (ယေဇ ၃၂:၂)။ ထိုနောက် သူ့ကိုယ်သူ ဘုရားသခင်၏အမြင် ရှုထောင့်မှ လျှပ်တပြက်မြင်လိုက်သည်။ ဘုရားသခင်က သင်သည် အမှုရောက်ပြီ။ သင့်ရုပ်ကလာပ်ကို သားရဲအရှေ့မှာပစ်ထားပြီး သင့်အမှုကြောင့် “လူမျိုးများတို့ကို ငါမိန်းမောတွေ‌ဝေစေမည်။ … ရှင်ဘုရင် … တို့သည် သင့်အမှုကြောင့် အလွန် ထိတ်လန့်ကြလိမ့်မည်” (:၁၀)ဟု မိန့်တော်မူသည်။ ဖာရောဘုရင်သည် သူထင်ထားသလောက် အထင်ကြီးစရာ မကောင်းပါ။

ဘုရားသခင်မြင်သကဲ့သို့ မိမိအပြစ်များကို မမြင်သည်အထိ ကျွန်ုပ်တို့သည် မိမိကိုယ်ကို “ဝိညာဥ်ရေးရာ၌ ခန့်ညားသူ”အဖြစ် ထင်ကောင်းထင်နေကြမည်။ သန့်ရှင်းသောဝိညာဥ်တော်၏စံညွှန်းနှင့်နှိုင်းယှဥ်လျှင် “ပြုဖူးသမျှသောကုသိုလ် ကောင်းမှုတို့သည် ညစ်သောအဝတ်နှင့်တူ”နေသည် (ဟေရှာ ၆၄:၆)။ သို့သော် ဘုရားသခင်သည် ယေရှုကိုမြင်ပြီး သခင်ယေရှုအထဲမှ ကျွန်ုပ်တို့ကို မြင်သည်။ ပို၍မှန်ကန်သောအရာကို ဘုရားသခင်မြင်ပါသည်။

သင့်ပုံသဏ္ဌာန်အနေအထား‌ကြောင့် စိတ်ဓာတ်ကျနေပါသလား။ ၎င်းသည် သင်မဟုတ်ကြောင်း သတိရပါ။ သခင်ယေရှုကို ယုံကြည်ကိုးစားပါက သင်သည် သခင်ယေရှု၌တည်နေပြီး ဘုရားသခင်၏သန့်ရှင်းခြင်းက သင့်ကို လွှမ်းခြုံထား ပေလိမ့်မည်။ သင်ထင်ထားသည်ထက် သင်ပို၍တင့်တယ်လှပနေလိမ့်မည်။