စာရေးဆရာမနှင့် ဧဝံဂေလိဆရာမဖြစ်သူ Becky Pippert (ဘက်ကီ ဖစ်ပတ်) သည် အိုင်ယာလန်၌ နေထိုင်စဉ် ၂ နှစ်တာမျှ သူ့အား လက်သည်းအလှပြင်ပေးသည့်ဟဲသာ အား ယေရှုအကြောင်းသတင်းကောင်းကို ဝေငှရန် ဆန္ဒရှိခဲ့၏။ သို့သော် ဟဲသာမှာ ရေးရေးမျှပင်စိတ်ဝင်စားပုံ မပေါ်ပါ။ ယေရှုအကြောင်း စကားစမြည် စပြောရန် မဖြစ်နိုင်ဟုခံစားမိ၍ ချိန်းဆိုမှု မတိုင်မီတွင် ဘက်ကီ ဆုတောင်းခဲ့သည်။

ဟဲသာ က သူ့လက်သည်းများကို ပြင်ပေးနေစဉ် ဘက်ကီ က မဂ္ဂဇင်းဟောင်းတစ်အုပ်ကိုလှန်လှောကြည့်ရာ မော်ဒယ်တစ်ဦး၏ပုံအရောက်တွင် အတန်ကြာ ကြည့်နေသဖြင့် ဟဲသာ က “ဘာတွေဒီလောက်စိုက်ကြည့်တာလဲ” ဟုမေးရာ ဘက်ကီ က ၎င်းသည် လွန်ခဲ့သောနှစ်များက Vogue မဂ္ဂဇင်း မျက်နှာဖုံးမော်ဒယ် ဖြစ်ခဲ့သည့် သူမ၏ ရင်းနှီးသောမိတ်ဆွေတစ်ဦးဖြစ်ကြောင်း ပြောပြရင်း၊ ဘုရားသခင်အား ယုံကြည်လာသည့် သူ့မိတ်ဆွေများအကြောင်းကို ဆက်ပြီးပြောပြရာ ဟဲသာ က အာရုံစိုက်ပြီး နားထောင်ခဲ့သည်။

ထို့နောက် ဘက်ကီ သည် ခရီးထွက်သွားပြီးနောက် အိုင်ယာလန်သို့ ပြန်လာ ချိန်တွင် ဟဲသာ သည် နေရာသစ်သို့ပြောင်းသွားကြောင်း သူသိလိုက်ရသည်။ “ဧဝံဂေလိဝေငှဖို့ အခွင့်အလမ်းဖန်တီးပေးဖို့ ဘုရားသခင်ကို ဆုတောင်းခဲ့တာ ဘုရားရှင်ကလည်း ပြင်ဆင်ပေးခဲ့တယ်”ဟု ဘက်ကီ ပြန်သုံးသပ်ခဲ့သည်။

ဘက်ကီ သည် ရှင်ပေါလုအားဖြင့် စိတ်ခွန်အားရရှိခဲ့ပြီး သူအားနည်းနေစဉ် ဘုရားသခင်ံ မျှော်ကြည့်ကာ မစမှုတောင်းခံခဲ့သည်။ ရှင်ပေါလုသည် အားနည်းပြီး သူ့ကိုယ်၌ စူးသောဆူးကို ဖယ်ရှားပေးရန် ဘုရားသခင်အား တောင်းလျှောက်ခဲ့ချိန်၌ “ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်” (၂ ကော ၁၂:၉) ဟု သခင် မိန့်ကြားခဲ့သည်။ အမှုကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အရာခပ်သိမ်း၌ ဘုရားသခင်အပေါ် အမှီပြုရန် ရှင်ပေါလု သင်ယူခဲ့သည်။

ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိသူများကို ချစ်နိုင်အောင် ကျွန်ုပ်တို့ကိုမစရန်ဘုရားသခင်အပေါ် အမှီပြုသောအခါ မိမိ၏ယုံကြည်ခြင်းကို အမှန်အကန် ဝေမျှနိုင်မည့် အခွင့်အလမ်းများကို ရှာတွေ့လာမည်ဖြစ်သည်။