သမ္မာကျမ်းစာအုပ်ကို ပလ္လင်ပေါ်တွင်တင်လိုက်ပြီး ဆုတောင်းခြင်းဖြင့် ပြင်ဆင်လာသည့် ဒေသနာကို စတင်ဟောကြားရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသော ပရိသတ်မျက်နှာကို ကျွန်မလှမ်းကြည့်လိုက်သည်။ အဘယ်ကြောင့် ကျွန်မ မပြောနိုင်ဖြစ်နေရသနည်း။

“ဟောပြောတဲ့အလုပ်က မင်းနဲ့မတန်ဘူး။ ဘယ်သူမှ မင်းစကားနားထောင်မှာ မဟုတ်၊ အထူးသဖြင့် မင်းနောက်ကြောင်းကို လူတွေသိသွားရင်ပေါ့။ မင်းကို ဘုရားသခင် သုံးမှာမဟုတ်ဘူး။” စသည့်မုသားစကားများကို ကျွန်မအယုံလွယ်၍ ဆယ်နှစ်ကြာမျှ ၎င်းတို့သည် နည်းမျိုးစုံဖြင့် ကျွန်မ၏စိတ်နှလုံးထဲသို့ဝင်ရောက် လောင်မြိုက်ခဲ့သည်။ မမှန်ကြောင်းသိသော်လည်း စိတ်မလုံခြုံခြင်း၊ ကြောက်ရွံ့ခြင်း မှ ကျွန်မ မရုန်းထွက်နိုင်ခဲ့ပါ။ သို့နှင့် ကျွန်မ သမ္မာကျမ်းစာအုပ်ကို ဖွင့်လိုက်သည်။

သုတ္တံကျမ်း ၃၀:၅ သို့ လှန်လိုက်ပြီး ဖြည်းညင်းစွာ အသက်ရှုသွင်းရှုထုတ်ပြုကာ “ဘုရားသခင်၏စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်း တို့၌ ဘုရားသခင်သည် အကွယ်အကာဖြစ်တော်မူ၏” ဟုအသံကျယ်ကျယ်ဖြင့် ဖတ်လိုက်သည်။ ကျွန်မမျက်လုံးကို မှိတ်လိုက်သောအခါ ကျွန်မအား ငြိမ်သက်ခြင်း လွှမ်းခြုံသွားသလိုခံစားရပြီး ဒေသနာကို စတင်ဟောကြားပါတော့သည်။

အခြားသူတို့၏ အနုတ်လက္ခဏာစကား (သို့) အထင်အမြင်များကြောင့် မလှုပ်နိုင်လောက်အောင်ဖြစ်ရသည့် အတွေ့အကြုံကို ကျွန်မတို့ ခံစားဖူးကြမည်။ သို့သော် ဘုရားသခင်၏စကားတော်သည် “စင်ကြယ်”ပြီး လုံးဝဥဿုံမှန်ကန် ပြည့်စုံ သည်။ မိမိ၏တန်ဖိုးနှင့် ဘုရားသားသမီးအဖြစ် ကျွန်မတို့၏ ရည်မှန်းချက်ကို ဖျက်ဆီးမည့် ဝိညာဥ်ရေးချေမှုန်းတိုက်ခိုက်ရေးအတွေးများကို ယုံရန် သွေးဆောင် ခံရပါက တည်မြဲ၍မယိုင်မလဲသော ဘုရားသခင်၏အမှန်တရားက ကျွန်ုပ်တို့၏ စိတ်နှလုံးကို ကာကွယ်ပေးသည်။ “အို ထာဝရဘုရား၊ ရှေ့ကာလ၌ စီရင်တော်မူ ချက်တို့ကို အကျွန်ုပ်အောက်မေ့၍ ကိုယ်ကိုကိုယ် နှစ်သိမ့်စေပါ၏”(ဆာ ၁၁၉:၅၂) ဟူသော ဆာလံဆရာ၏စကားကို ကျွန်ုပ်တို့ ထပ်ဟပ်ပြောနိုင်ပါသည်။

ဘုရားသခင်အကြောင်း၊ မိမိအကြောင်း၊ အခြားသူအကြောင်း ကျွန်မတို့ ခံယူထားသည့် အနုတ်လက္ခဏာ၊ လှည့်စားသောမုသားစကားများကို သမ္မာကျမ်းချက်ဖြင့် ပြန်လည်တိုက်ခိုက်ကြပါစို့။