လန်ဒန်မြို့ ဟီးသရိုး လေဆိပ်သို့ တက္ကစီစီးပြီးသွားခဲ့စဥ် ယာဥ်မောင်းက သူ အကြောင်း ပြောပြသည်။ စစ်ဘေးနှင့်ဆင်းရဲနွမ်းပါးမှုဘေးမှ လွတ်မြောက်ရေး အတွက် အသက် ၁၅နှစ်အရွယ်တွင် United Kingdom သို့ သူတစ်ကိုယ်တည်း ရောက်ရှိခဲ့သည်။ ယခု ၁၁ နှစ်အကြာတွင် သူ့မိသားစုလေးရှိလာပြီး မိသားစုကို ထောက်ပံ့နိုင်ပြီဖြစ်သည်။ သူ့တိုင်းပြည်၌ဆိုလျှင် ထိုသို့ မဖြစ်နိုင်ပါ။ သို့သော် မိဘ မောင်နှမများနှင့် ခွဲခွာခဲ့ရ၍ ဝမ်းနည်းရကြောင်းဆိုသည်။ သူ့မိသားစုနှင့် ပြန်လည် မဆုံစည်းမချင်း ခက်ခဲသော မဆုံးသောခရီးကိုနှင်ခဲ့ရကြောင်း ပြောပါသည်။

ဤဘဝ၌ မိမိချစ်မြတ်နိုးရသူများနှင့် ကွဲကွာရခြင်းမှာ ခက်ခဲပါသည်။ သို့သော် ချစ်ခင်သူများနှင့် သေကွဲကွဲရခြင်းက ပိုခက်ခဲပြီး သူတို့နှင့်ပြန်လည် မပေါင်းစည်းမချင်း ဆုံးရှုံးလိုက်ရသည့်ခံစားမှုက သက်သာလိမ့်မည်မဟုတ်ပါ။ သက်သာလောနိတ်မြို့မှ အသစ်သောယုံကြည်သူများသည် ထိုသို့သောဆုံးရှုံးမှုများနှင့်စပ်လျဥ်း၍ ဇဝေဇဝါဖြစ်ကြသောအခါ ရှင်ပေါလုက “ညီအစ်ကိုတို့၊ မျှော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း အိပ်ပျော်သောသူတို့၏အမှုအရာကို မသိဘဲ နေစေ ခြင်းငှာ ငါတို့အလိုမရှိ” (၁ သက် ၄:၁၃) ဟု၍ရေးခဲ့သည်။ သခင်ယေရှုကို ယုံကြည်သူများအနေဖြင့် သခင်ဘုရားနှင့်အတူ အစဥ်မပြတ်နေရကြလိမ့်မည် ဟူသော ဝမ်းမြောက်ဖွယ်ဆုံစည်းမှုကို မျှော်လင့်လျက် အသက်ရှင်နိုင်ကြောင်း ရှင်းပြထားပါသည် (:၁၇)။

ချစ်သောသူများနှင့် ကွေကင်းခွဲခွာခြင်းများကဲ့သို့သော နက်နက်နဲနဲခံစားရသည့် အခြားအတွေ့အကြုံများက မရှိသလောက်ဖြစ်ပါသည်။ သို့သော် သခင်ယေရှု အားဖြင့် ပြန်လည်ပေါင်းစည်းတွေ့ဆုံရရန် မျှော်လင့်ချက်ရှိပါသည်။ ဝမ်းနည်း ပူဆွေးခြင်းနှင့်ဆုံးရှုံးခြင်းများကြားတွင် ကျွန်ုပ်တို့လိုအပ်သော နှစ်သိမ့်သက်သာ ခြင်းကို ထိုတည်မြဲသောကတိတော်၌ တွေ့နိုင်ပါသည် (:၁၈)။