ကော်နာ နှင့် စာရာစမစ် တို့သည် လမ်းမကြီးမှ အထက်ပိုင်း ၅ မိုင်အကွာရှိနေရာသို့ ပြောင်းသွားသောအခါ သူတို့၏ကြောင် စမိုးစ် သည် ထိုနေရာကို မနှစ်သက် ကြောင်း အိမ်မှထွက်ပြေးခြင်းဖြင့် ဖော်ပြခဲ့သည်။ တနေ့တွင် စာရာက သူတို့ယခင် အိမ်ပုံကို လူမှုကွန်ယက်တွင်တွေ့လိုက်ပြီး ဓာတ်ပုံထဲ၌ စမိုးစ် လည်း ပါနေသည်။

ဝမ်းမြောက်ဝမ်းသာစွာဖြင့် စမစ်တို့ဇနီးမောင်နှံသည် ကြောင်လေးကိုပြန်ရှာ တွေ့ခဲ့သည်။ သို့သော် စမိုးစ် သည် တစ်ဖန် ထွက်ပြေးပြန်သည်။ သူဘယ်ကို သွားသနည်း။ ဤတစ်ကြိမ်တွင် ထိုအိမ်ကို ဝယ်လိုက်သည့်မိသားစုက စမိုးစ် လေး ကိုလည်း ဆက်လက် လက်ခံထားရန် သဘောတူခဲ့သည်။ စမိုးစ် လေး “အိမ်”သို့ အမြဲပြန်နေသည့် ရှောင်လွဲမရသည့်ကိစ္စကို စမစ် တို့ မဟန့်တားနိုင်ခဲ့ပါ။

နေဟမိသည် ရှုရှပြည်ရှိ ဘုရင့်နန်းတော်တွင် ရာထူးဂုဏ်ရှိန်မြင့်မြင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော် သူ့စိတ်နှလုံးက တစ်ခြားရောက်နေသည်။ “ဘိုးဘေးသင်္ချိုင်းရှိရာမြို့သည် ပျက်စီးလျက်” ရှိသည့် ဝမ်းနည်းဖွယ် အခြေအနေ သတင်းကို နေဟမိကြားခဲ့ရသည် (နေ၂:၃)။ “တစ်ဖန် ငါ့ထံသို့ပြန်လာ၍ ငါ့ပညတ် တို့ကို ကျင့်စောင့်ပြန်လျှင် မိုးကောင်းကင်အောက် အဝေးဆုံးသောအရပ်သို့ နှင်ထုတ် ခြင်းကိုခံရသော်လည်း ထိုအရပ်က ငါသိမ်းယူ၍ ငါ့နာမတည်ရာဖို့ ငါရွေးချယ်သော အရပ်သို့ဆောင်ခဲ့မည်ဟု ကိုယ်တော်ကျွန်မောရှေ၌ ထားတော်မူသော ကတိတော် ကို အောက်မေ့တော်မူပါ” ဟု နေဟမိ ဆုတောင်းခဲ့သည် (၁:၈-၉)။

“အိမ်သည် နှလုံးသားရှိသည့်နေရာ” ဟုလူတို့ပြောကြသည်။ နေဟမိသည်လည်း တခြားတိုင်းပြည်၌ အခြေကျနေသည်ထက် မိမိအိမ်ကိုသာ ပို၍ တောင့်တ လွမ်းဆွတ်နေသည်။ ဘုရားသခင်နှင့် မိတ်သဟာယပြု အကျွမ်းဝင်ခြင်းကို သူအတောင့်တဆုံးဖြစ်သည်။ ယေရုရှလင်မြို့သည် “ငါ့နာမတည်ရာဖို့ ငါရွေးချယ်သောအရပ်”ပင်တည်း။

အတွင်းစိတ်၌ မကျေနပ်မှုများခံစားနေရခြင်းသည် စင်စစ် ဘုရားသခင်အား တောင့်တနေခြင်းဖြစ်သည်။ ဘုရားရှင်နှင့်အတူ အိမ်တော်တွင် အတူရှိနေရန် ကျွန်ုပ်တို့တမ်းတနေပါသည်။