၆ နှစ် အရွယ် သမီးလေးနှင့်ကျွန်တော်သည် ကြမ်းပြင်ပေါ်ထိုင်ကာ တလက်လက် တောက်ပနေသည့် လျှပ်စီးမိုးကြိုးကိုကြည့်နေစဥ် သူမက “ဝါး၊ ဘုရားသခင်က သိပ်ကြီးမြတ်တော်မူတယ်” ဟု ထပ်တလဲလဲ ပြောသည်။ ကျွန်တော်လည်း ထပ်တူခံစားမိပါသည်။ ကျွန်တော်တို့ နှစ်ယောက်လုံး မည်မျှသေးငယ်ပြီး ဘုရားသခင်က မည်မျှတန်ခိုးကြီးသည်ကို ကျွန်တော်တို့နှစ်ယောက်လုံးအတွက် သိသာလွန်းလှသည်။ “အလင်းသည် အဘယ်သို့သောလမ်းဖြင့် နှံ့ပြားသနည်း။ အရှေ့လေသည် မြေကြီးပေါ်မှာ အဘယ်ကြောင့် လွင့်သနည်း” (ယောဘ ၃၈:၂၄)။

ယောဘသည် ဘုရားသခင်၏တန်ခိုးတော်ကို သတိရရန် လိုအပ်နေသည် (:၃၄-၄၁)။ သူ့ဘဝက တစ်စစီပြိုကွဲသွားပြီ။ သားသမီးများ သေဆုံးကုန်ပြီး စည်းစိမ် လည်း မရှိတော့သလို ရောဂါဘယလည်း ခံစားနေရသည်။ မိတ်ဆွေများကလည်း စာနာဖေးမမှုမရှိကြပေ။ ဇနီးသည်ကပင် ဘုရားသခင်ကို စွန့်ပစ်ရန် တွန်းအားပေး နေပါသည် (၂:၉)။ နောက်ဆုံးတွင် “အဘယ်‌ကြောင့်နည်း” (အခန်းကြီး ၂၄) ဟူ၍ ယောဘသည် ဘုရားသခင်အား မေးခွန်းထုတ်ပါတော့သည်။ အခန်းကြီး ၃၈ တွင် ဘုရားရှင်သည် ယောဘအား မုန်တိုင်းထဲမှ တုံ့ပြန်မိန့်ကြားခဲ့သည်။

လောက၏နိယာမသဘာဝကို သူထိန်းချုပ်နေကြောင်း ယောဘအား ဘုရားရှင် သတိပေးသည် (ယောဘ ၃၈)။ ဤအချက်သည် သူ့အတွက် နှစ်သိမ့်မှု ဖြစ်စေပြီး “သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူးပါပြီ။ ယခုမူကား ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏” (၄၂:၅) ဟုသူတုံ့ပြန်ခဲ့သည်။ တစ်နည်း အားဖြင့် “အခုမှပဲ နားလည်တော့တယ် ဘုရားသခင်။ ကျွန်တော့်ရဲ့ဦးနှောက် သေးသေးလေးထဲမှာ ကိုယ်တော်က ဘယ်ဆန့်နိုင်ပါ့မလဲ” ဟူသည့်သဘောပင်။

ဘဝပြိုကွဲပျက်စီးသွားသောအခါ လောကကြီးကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ကြီးမြတ်လှပြီး ကျွန်ုပ်တို့ကို ဂရုပြုစောင်မရသည်အထိ ကျွန်ုပ် တို့ကို ချစ်နေကြောင်း သတိရစေရန် ကြမ်းပြင်ပေါ် လှဲလျောင်းပြီး လျှပ်စီးများကို ကြည့်နေခြင်းက တစ်ခါတစ်ရံ သက်တောင့်သက်သာအရှိဆုံးဖြစ်ပြီး၊ ဘုရား၏ တန်ခိုးတော်နှင့်ကြီးမြတ်ခြင်းအကြောင်း ဖော်ကျူးထားသည့် မိမိအနှစ်သက်ဆုံး ၀တ်ပြုကိုးကွယ်ခြင်းသီချင်းများကို စတင် သီဆိုနိုင်ပါသည်။