လွန်လေသောနှစ်များစွာက ခရစ်ယာန်အဖွဲ့အစည်းတစ်ခု၌ ကျွန်တော်အလုပ် လျှောက်ခဲ့ရာ၊ ကျွန်တော့်ကို အရက်၊ ဆေးလိပ်နှင့်၊ အပျော်အပါးပုံစံအချို့တို့နှင့် ပတ်သက်ပြီး တရားဝင်ထုတ်ထားသည့် စည်းကမ်းချက်များကို ချပြသည်။ “ကျွန်တော်တို့ရဲ့ဝန်ထမ်းဆီက ခရစ်ယာန်ပီသတဲ့ အပြုအမူတွေကို မျှော်လင့်ထား ပါတယ်”ဟုလည်း ရှင်းပြသည်။ မိမိ၏ယုံကြည်ခြင်းနှင့်မသက်ဆိုင်သော ထိုအရာ များကို ကျွန်တော်မသောက်မစားခြင်းကြောင့် ထိုစည်းကမ်းများကို ကျွန်တော် လက်ခံပါသည်။ သို့သော် “မာနထောင်လွှားခြင်းမရှိရ၊ အထိမခံမဖြစ်ရ၊ ကြမ်းတမ်း စွာ မပြုမူရ၊ ဝိညာဉ်ရေးရာစိတ်ဝင်စားမှုရှိရမည်။ ဝေဖန်ကဲ့ရဲ့ခြင်းမပြုရ” စသည့် စည်းကမ်းများအဘယ်ကြောင့် မထုတ်ကြသနည်း။ ၎င်းတို့နှင့်ပတ်သက်၍ ပြောဆိုမှု မတွေ့ရပါ။

သခင်ယေရှုနောက်တော်လိုက်ခြင်းကို ထိုစည်းကမ်းချက်များနှင့် သတ်မှတ်၍ မရပါ။ သိမ်မွေ့နက်နဲသော အရည်အသွေးပြည့်မီသော အသက်တာကို တိုင်းတာရန် ခက်ပါသည်။ သို့သော် “လှပသည်” ဟူ၍ ဖော်ပြ၍ရပါသည်။

ရှင်မဿဲခရစ်ဝင် ၅:၃-၁၀ မှ မင်္ဂလာတရားတော်တွင် ထိုအလှတရားကို အကျဉ်းချုပ် ဖော်ပြထားပါသည်။ သခင်ယေရှု၏ဝိညာဉ်ကိန်းဝပ်ပြီး ထိုဝိညာဉ်ကို အမှီပြုသူတို့သည် စိတ်နှိမ့်ချလျက် မိမိအတ္တစိတ်ကို ဖယ်ရှားကြသည်။ တစ်ပါးသူ တို့၏ဝေဒနာအပေါ် နက်ရှိုင်းစွာခံစားရသည်။ နူးညံ့သိမ်မွေ့လျက် ကြင်နာတတ်ကြသည်။ မိမိအထဲမှရော၊ တစ်ပါးသူတို့ထံမှပါ ကောင်းကျိုးကို လိုလားသည်။ ကြိုးစား ရုန်းကန်လျက်နှင့် ကျရှုံးသူတို့အပေါ် ကရုဏာစိတ်ထားသည်၊ သခင်ယေရှုကို ချစ်သောသူတို့၏မေတ္တာစိတ်က နှစ်ခွမရှိ၊ သူတို့သည် ငြိမ်ဝပ်ငြိမ်းချမ်းစွာ နေထိုင် သူများဖြစ်ပြီး ငြိမ်သက်ခြင်းအမွေကို ချန်ရစ်သူများဖြစ်သည်။ သူတို့အပေါ် တစ်လွဲအသုံးချသူများအပေါ် ကြင်နာမှုပြသည်။ အဆိုးအတွက် အကောင်းဖြင့် တုံ့ပြန်ကြသည်။ ထိုကြောင့် သူတို့၌ “မင်္ဂလာရှိသည်”။ ထိုစကားလုံး က “ပျော်ရွှင် ဝမ်းမြောက်ခြင်း”ကို နက်နဲစွာခံစားရခြင်း အဓိပ္ပာယ်ဖြစ်သည်။

ဤသို့သော ဘဝအသက်တာက တစ်ပါးသူ၏အာရုံကို ဆွဲဆောင်သည်။ ထိုအသက်တာသည် သခင်ယေရှုထံလာပြီး ထိုအသက်တာကို တောင်းခံသူတို့ အတွက်ပင်ဖြစ်သည်။