၂၀၁၉ ခုနှစ်က Bahamas (ဘဟားမားစ်)ကျွန်းစု၌ Hurricane Dorian (ဒိုရီယံ ဟာရီကိန်း)မုန်တိုင်း တိုက်ခတ်ခဲ့ရာ နိုင်ငံ့သမိုင်း၌ အဆိုးဝါးဆုံးသောသဘာဝဘေးဟု ဆိုရလောက်အောင် မိုးသည်းထန်လျက်၊ လေပြင်းကျပြီး ရေလွှမ်းမိုးခဲ့ သည်။ မွေးရာပါကိုယ်အင်္ဂါမလှုပ်ရှားနိုင်သော အရွယ်ရောက်သားနှင့်အတူအိမ်ထဲခိုလှုံနေသော ဘရန့်သည် အိမ်မှ ထွက်ခွာသင့်ကြောင်း သိသည်။ သူကိုယ်၌က မျက်မမြင်ဖြစ်သော်လည်း သူ့သားကို ကယ်တင်ရန် ဘရန့် သည် သားကို ပခုံးပိုး၍ မေးစိနားထိရောက်နေသောရေထဲမှလုံခြုံရာသို့ သားကို ခေါ်ဆောင်သွားခဲ့သည်။

လောကဖခင်သည် ကြီးမားသောအခက်အခဲရင်ဆိုင်ရသော်လည်း သားကို စောင်မရန် စိတ်ပြင်းပြသည်ဆိုလျှင် ကောင်းကင်ဘုံရှင်အဘဘုရားသည် သူ့သား သမီးများအတွက် မည်မျှပူပန်ဂရုပြုမည်ကို စဉ်းစားကြည့်ပါ။ ဓမ္မဟောင်းကျမ်းတွင် မောရှေက ဘုရားလူတို့အား သူတို့အနေဖြင့် ယုံကြည်ခြင်းယိမ်းယိုင်ခဲ့သော်လည်း ဘုရားသခင်က သူတို့အား ချီပိုက်ပို့ဆောင်ခဲ့သည်ကို ပြန်ပြောင်းပြောပြသည်။ တောကန္တာရ၌ အစာရေစာထောက်ပံ့ပေးသည်။ ရန်သူများကို တိုက်ခိုက်ပေးသည်။ မိုးတိမ်တိုင်နှင့် မီးတိုင်အားဖြင့် လမ်းပြပို့ဆောင်ခဲ့သည်။ သူတို့ကိုယ်စားဘုရားသခင် ပြုပေးသည့်အမှုအရာများစွာကို ဆင်ခြင်အောက်မေ့လျက် “… အဘသည် သားကို ချီပိုက်သကဲ့သို့ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို ချီပိုက်တော်မူ” ၏ဟု မောရှေမိန့်ကြားခဲ့သည် (တရား ၁:၃၁)။

ဣသရေလလူတို့၏ တောကန္တာရတစ်လျှောက်သွားခဲ့ရသောခရီးက မလွယ်ကူခဲ့ပါ။ သူတို့၏ယုံကြည်ခြင်းလည်း လျော့နည်းယိမ်းယိုင်ခဲ့ပါသည်။ သို့သော် ဘုရားသခင်၏ကွယ်ကာမှုနှင့် မစထောက်ပံ့မှုသက်သေများက အပြည့်ဖြစ်သည်။ ကြင်နာမှု၊ ရဲရင့်မှုနှင့် စိတ်ချမှုတို့ဖြင့် ဖခင်က သားကို ချီပိုက်သည့် ပုံရိပ်ဉပမာသည် ဣသရေလလူတို့အပေါ် ဘုရားသခင်ဂရုပြုတော်မူခြင်းကို ပြသည့် အံ့သြဖွယ်ပုံရိပ်ဖြစ်သည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စမ်းသပ်သည့် အခက်အခဲများ ရင်ဆိုင်ရသည့်တိုင် ဘုရားသခင်သည် ထိုအခက်အခဲများ တစ်လျှောက် ကျွန်ုပ်တို့ကို ချီပိုးနေကြောင်း သတိရလိုက်နိုင်ပါသည်။