မာစီးရာ သည် လူစုလူဝေးကြားထဲသွားတိုင်း အခြားသူကို ပြုံးပြရန် သူအမြဲ ကြိုးစားသည်။ ၎င်းသည် ခင်မင်ဖော်ရွေသောမျက်နှာကို မြင်ရန်လိုအပ်သူ တစ်ဦးဦးကို နွေးထွေးမှုပြသရန် သူမ၏နည်းလမ်းတစ်ခုဖြစ်သည်။ များသော အားဖြင့် လူတို့၏စိတ်ရင်းမှန်ဖြင့် တုံ့ပြန်အပြုံးကိုရပါသည်။ သို့သော် မာစီးရာ သည် နှာခေါင်းစည်းကို မဖြစ်မနေတပ်ရချိန်တွင် သူ့နှုတ်ခမ်းကို လူတို့ မမြင်နိုင်တော့၍ သူ့အပြုံးကိုလည်း မမြင်နိုင်တော့ပါ။ “ဒါဟာ ဝမ်းနည်းစရာပဲ။ ဒါပေမယ့် ငါဆက်ပြုံးရမယ်။ ငါ့မျက်လုံးတွေကနေတစ်ဆင့် ငါ့အပြုံးကို သူတို့ မြင်ကောင်း မြင်မှာပဲ” ဟု သူတွေးမိသည်။

အမှန်တွင် ထိုအတွေး၏နောက်ကွယ်၌ သိပ္ပံပညာရှိသည်။ နှုတ်ခမ်းထောင့်ရှိ ကြွက်သားနှင့် မျက်လုံးများကို တွန့်စေသည့်ကြွက်သားများသည် အတိုင်အဖောက် ညီညီ အလုပ်လုပ်နိုင်သည်။ ၎င်းကို ‘Duchenne (ဒူရှန်း)အပြုံး’ ဟုခေါ်ပြီး ၎င်းကို “မျက်လုံးဖြင့် ပြုံးပြခြင်း” ဟု ဖော်ပြကြသည်။

“မျက်စိအလင်းသည် နှလုံးကို ရွှင်လန်းစေတတ်၏” (သု ၁၅:၃၀)၊ “စိတ် ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏” (၁၇:၂၂) ဟု သုတ္တံကျမ်းက ကျွန်ုပ်တို့ကို သတိပေးထားပါသည်။ မကြာခဏဆိုသလို ဘုရားသားသမီးများ၏အပြုံးများသည် ကျွန်ုပ်တို့ပိုင်ဆိုင်ထားသည့် သဘာဝလွန်ဝမ်းမြောက်ခြင်းမှ မြစ်ဖျားခံသည်။ လေးသောဝန် ထမ်းရွက်နေရသူများကို ခွန်အားပေးစဥ် (သို့) ဘဝမေးခွန်းများ၏ အဖြေရှာနေသူများအား ဝေမျှစဉ်၊ ဝမ်းမြောက်ခြင်းသည် ကျွန်ုပ်တို့၏ အသက်တာထဲသို့ ပုံမှန်စီးဆင်းနေသည့် ဘုရားသခင်ထံမှလာသော လက်ဆောင် ဖြစ်သည်။ ကျွန်ုပ်တို့ဝေဒနာခံစားနေရသည့်တိုင် ကျွန်ုပ်တို့၏ ဝမ်းမြောက်ခြင်းသည် တောက်ပနေဆဲဖြစ်သည်။

အသက်တာ မဲမှောင်နေသည်ဟုထင်ရချိန်တွင် ဝမ်းမြောက်ရွှင်လန်းခြင်းကို ရွေးချယ်ပါ။ သင့်အပြုံးကို ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် သင့်ဘဝထဲ ဘုရားတည်ရှိခြင်းအလင်းကို ထင်ဟပ်ပြသော မျှော်လင့်ခြင်းပြတင်းပေါက် ဖြစ်စေပါ။