Clifford Williams (ကလစ်ဖို့ဝီလျံ)သည် မိမိမကျူးလွန်ခဲ့သည့် လူသတ်မှုအတွက် သေဒဏ်စီရင် ခံခဲ့ရသည်။ သူ့အပေါ် မတရားထွက်ဆိုသည့် သက်သေများကို ပြန်လည်သုံးသပ်ရန် ထောင်အချုပ်၌ အချည်းနှီးသက်သက် အချုပ်ခံခဲ့ရသည်။ အသနားခံလွှာများ ၄၂ နှစ်တိုင် အပယ်ခံရသည်။ ထို့နောက် ရှေ့နေ Shelley Thibodeau (ရှယ်လီ ထီဘဒိုး)က သူ့အမှုကို ပြန်လေ့လာသည်။ ဝီလျံ အပြစ်ရှိကြောင်း သက်သေအထောက်အထား မရှိသည်သာမက လူသတ်မှုကို အခြားသူတစ်ဦးကသာ ကျူးလွန်ခဲ့ကြောင်း သူတွေ့ရှိခဲ့သည်။ နောက်ဆုံး၌ အသက် ၇၆ နှစ်အရွယ်ရောက်မှ ဝီလျံအား အပြစ်မရှိကြောင်း ကြေညာပြီး ပြန်လွတ်ခဲ့သည်။

ပရောဖက်ယေရမိနှင့် ဥရိယတို့လည်း ဒုက္ခအကြီးအကျယ် ရောက်ခဲ့သည်။ ဘုရားသခင်၏လူမျိုးတော်တို့သည် နောင်တမရပါက သူတို့ကို ဘုရားသခင် စီရင် မည်ဖြစ်ကြောင်း ယုဒလူတို့ကို သူတို့ဟောပြောခဲ့သည် (ယေ ၂၆:၁၂-၁၃၊ ၂၀)။ ဤသတင်းစကားကြောင့် ယုဒလူများနှင့်အရာရှိများ စိတ်ဆိုးကြပြီး ပရောဖက် နှစ်ဦးစလုံးကို လုပ်ကြံရန် ကြိုးစားကြသည်။ ဥရိယကိုဖြင့် လုပ်ကြံနိုင်ခဲ့သည်။ ဥရိယသည် အဲဂုတ္တုသို့ထွက်ပြေးခဲ့သော်လည်း ပြန်အဖမ်းခံရပြီး ဘုရင်ကသူ့ကို ဓားနှင့်လုပ်ကြံခဲ့သည် (:၂၃)။ ယေရမိကို အဘယ်ကြောင့် မသတ်သနည်း။ အဟိကံက “ယေရမိကို မစ”ထောက်ခံခြင်းကြောင့် “အသေခံစေခြင်းငှာ လူများတို့ လက်သို့ မအပ်”ခဲ့ပါ (:၂၄)။

သေခြင်းနှင့်ရင်ဆိုင်နေရသူ လူတစ်ဦးဦးကို ကျွန်ုပ်တို့သိချင်မှသိမည်။ သို့သော် ကျွန်ုပ်တို့၏အကူအညီကို အသုံးပြုနိုင်မည့်သူကိုဖြင့် ကျွန်ုပ်တို့ သိကောင်းသိမည်။ မည်သူ၏အခွင့်အရေးများ နင်းချေခံနေရသနည်း။ မည်သူ၏ စွမ်းရည်များ ပယ်ချခံရသနည်း။ မည်သူ၏အသံများကို မကြားဘဲဖြစ်နေသနည်း။ Thibodeau (သို့) အဟိကံ ကဲ့သို့ ရှေ့ထွက်ရပ်တည်ပေးရန်မှာ အန္တရာယ်ရှိနိုင် သော်လည်း ၎င်းသည် မှန်ကန်သည့်အမှုဖြစ်သည်။ ဘုရားသခင်၏လမ်းပြမှုဖြင့် ကျွန်ုပ်တို့ရှေ့ထွက်ရပ်တည်ပေးမှုကို မည်သူလိုအပ်နေသနည်း။