အစားအသောက်ရိက္ခာ၊ ရေစိုခံဘွတ်ဖိနပ်နှင့် မြေပုံတို့သည် John Muir (ဂျွန် မြူယာ) တောလမ်းအတိုင်း ခြေလျင်ခရီးသွားသူများ သယ်သွားရန်လိုသောအရာအချို့ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းတွင်ရှိသော John Muir တောလမ်းသည် ၂၁၁ မိုင်ရှည်လျားပြီး ချောင်းငယ်များကိုကွေ့ပတ် ဖြတ်ကျော်သွားရသည်။ ရေကန်များနှင့် သစ်တောများကိုပတ်ပြီး တောင်တက် တောင်ဆင်းဖြင့် ပေပေါင်း ၄၇၀၀၀ အမြင့်ထိ တက်သွားရသည်။ဤခရီးကိုသွားရန် အချိန် ၃ ပတ်မျှကြာသည့်အတွက် မှန်ကန်သည့်ရိက္ခာပမာဏကို သယ်သွားရန် အလွန်အရေးကြီးသည်။ ရိက္ခာများလွန်းပါက ၎င်းတို့ကို သယ်ဆောင်ရန် အားအင်ကုန်ခမ်းမည်၊ နည်းလွန်းပါကလည်း ခရီးစဉ်အတွက် လိုအပ်မည့်အရာများပါရှိမည်မဟုတ်ပေ။

သခင်ယေရှုကို ယုံကြည်သူများအနေနှင့် ကျွန်ုပ်တို့၏အသက်တာခရီးကို ကောင်းစွာအဆုံးသတ်ရန် မိမိသယ်ဆောင်သွားမည့်အရာများကို အသေအချာ စဉ်းစားတွက်ချက်ရန် လိုသည်။ ဟေဗြဲသြဝါဒစာ ၁၂:၁ ၌ “ခပ်သိမ်းသောဝန်(နှင့်) နှောင့်ယှက်တတ်သော ဒုစရိုက်ကို ဖယ်ရှား”ရန် ကျမ်းရေးသူက အလေးအနက် တိုက်တွန်းထားသည်။ ကျွန်ုပ်တို့၏အသက်တာကို သူက ပန်းတိုင်ရှိသည့်ပြေးပွဲနှင့် နှိုင်းယှဉ်ထားပြီး အားလျော့ စိတ်ပျက်ခြင်းမရှိဘဲ ပြေးရမည် (:၁၊ ၃)။ အပြစ်ဝန်ပိလာ ခြင်း (သို့) ကျွန်ုပ်တို့အတွက် ဘုရား၏အကြံအစည် ဘောင်ပြင်ပမှအရာများကြောင့် အာရုံထွေပြားခြင်းစသည်တို့သည် မလိုအပ်သောဝန်ကို သယ်ဆောင်ခြင်းဖြစ်သည်။

John Muir တောလမ်းကို ခြေလျင်ခရီးသွားရန် ထုပ်ပိုးရမည့်ပစ္စည်းစာရင်းများ ရှိသကဲ့သို့ ယေရှုရှင် နောက်တော်လိုက်ရန်အတွက် ညွှန်ကြားချက်များကို သမ္မာကျမ်းထဲ၌ ဘုရားသခင် ပြင်ဆင်ပေးထားသည်။ သမ္မာကျမ်းအလင်း၌ စစ်ကြောခြင်းအားဖြင့် မည်သည့်အကျင့်ဓလေ့၊ အိပ်မက်နှင့်စိတ်ဆန္ဒများကို ဆက်လက် ကျင့်ဆောင်သွားသင့်ကြောင်း သိရှိနိုင်သည်။ ပေါ့ပေါ့ပါးပါးနှင့်ခရီးသွားရလျှင် ကျွန်ုပ်တို့ ကောင်းမွန်စွာ အဆုံးသတ်နိုင်မည်ဖြစ်သည်။