အမေရိကန်လွတ်တော်အမတ်နှင့် ပြည်သူ့အခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင် John Lewis (ဂျွန် လူးဝစ်)သည် ၂၀၂၀ ခုနှစ်တွင် ကွယ်လွန်သွားသည့်အတွက် နိုင်ငံရေးလောကမှလူများ ဝမ်းနည်းပူဆွေးကြသည်။ ၁၉၆၅ ခုနှစ်က လူမည်းနိုင်ငံသားများ မဲပေးခွင့် သေချာစေရေးအတွက် လူးဝစ်သည် မာတင်လူသာ ကင်း ဂျူနီယာ နှင့်အတူ ချီတက်လှုံ့ဆော်ခဲ့သည်။ ချီတက်ပွဲ၌ လူးဝစ်သည် ဦးခေါင်းခွံအက်ခဲ့ပြီး သူ့တစ်ဘဝလုံး အမာရွတ်ဖြစ်ကျန်ခဲ့သည်။ “မမှန်ကန်တဲ့၊ မတရားတဲ့၊ မမျှတတဲ့ အရာတစ်ခုခုကို သင်မြင်တဲ့အခါ လူ့ကျင့်ဝတ်ဝတ္တရားအရ သင်တစ်ခုခုပြောရမယ်။ တစ်ခုခုလုပ်ရမယ်။ ဆူညံပူညံလုပ်ဖို့နဲ့ ကောင်းတဲ့ လိုအပ်တဲ့ ပြဿနာလုပ်ဖို့ ဘယ်တော့မှ၊ ဘယ်ခါမှ မကြောက်နဲ့”ဟု လူးဝစ် ပြောခဲ့သည်။

မှန်ရာကိုလုပ်ရန်၊ သမ္မာတရား၌ သစ္စာတည်ရေးအတွက် “ကောင်းသော” ပြဿနာ ပြုလုပ်ရန် လိုအပ်ကြောင်း လူးဝစ် စောစီးစွာ သင်ယူခဲ့သည်။ လူအများ မနှစ်မြို့သည့်အရာများကို သူပြောရန်လိုအပ်မည်။ ပရောဖက်အာမုတ်သည်လည်း ဤအချက်ကိုသိသည်။ ဣသရေလလူတို့အပြစ်ပြုပြီး တရားမျှမှုမရှိခြင်းကို မြင်ရသော် သူနှုတ်ပိတ်ပြီး မနေနိုင်ပါ။ အခွင့်အာဏာရှိသူများက အပြစ်မဲ့သူများကို ဖိနှိပ်၊ တံစိုးစားကာ ဆင်းရဲသားများအပေါ် တရားရုံး၌ မတရားသဖြင့် စီရင်ကြပြီး တစ်ဘက်တွင် “နှစ်သက်ဖွယ်သော စပျစ်ဥယျာဉ်”ပါရှိသည့် “ဆစ်သောကျောက် နှင့်တိုက်”ကို တည်ဆောက်နေကြသည်ဟု (အာ ၅:၁၁-၁၂) အာမုတ်က လူသိရှင်ကြား စွပ်စွဲရှုတ်ချခဲ့သည်။ သူ၏လုံခြုံမှုကို မထိခိုက်အောင်၊ အတိုက်အခံ မလုပ်ဘဲ သက်သောင့်သက်သာနေရမည့်အစား မကောင်းမှုကို တိတိကျကျ ပြောဆိုသည်။ ပရောဖက်ကြီးက ကောင်းပြီး လိုအပ်သည့်ပြဿနာကိုလုပ်ခဲ့သည်။

ဤပြဿနာက လူအားလုံးအတွက် တရားမျှတမှုဟူသော ကောင်းကျိုးကို ရည်စူးထားသည်။ “တရားသဖြင့် စီရင်ခြင်းသည် … မပြတ်စီးသော မြစ်ရေကဲ့သို့ … စီးစေကြလော့”ဟု အာမုတ် ကြွေးကြော်ခဲ့၏ (:၂၄)။ (ဖြောင့်မတ်ပြီး အကြမ်းမဖက် သော တရားမျှတမှုဟူသည့်) ‘ကောင်းသောပြဿနာ’နှင့် ပါဝင်ပတ်သက်ရသော်၊ ၎င်း၏ပန်းတိုင်မှာ အမြဲကောင်းမြတ်ပြီး အနာငြိမ်းစေရန် ဖြစ်သည်။