ခရီးသွားဧည့်သည်များသည် Caribbean (ကာရေဘီယံ)ဒေသရှိ သေးငယ်သော Eleuthera (အေလူသရာ)ကျွန်းတွင် လူလုပ်တံတားပေါ်မှ အတ္တလန္တိတ်သမုဒ္ဒရာ ၏ ကြမ်းတမ်းသော နက်ပြာရောင်ရေနှင့် ကာရေဘီယံပင်လယ်၏ တည်ငြိမ်သော စိမ်းပြာရောင်ရေတို့၏ သိသာသောကွာခြားမှုကို ရှုစားနိုင်သည်။ တစ်ချိန်က ပေါင်းမိုး သဏ္ဌာန် သဘာဝကျောက်တုံးအခုံးနေရာကို မုန်တိုင်းများက တိုက်စားသွားသည်။ ယခုအခါ နိုင်ငံတကာမှဧည့်သည်များကို ဆွဲဆောင်နေသော မှန်ပြတင်းတံတား အေလူသရာသည် “ကမ္ဘာ့အကျဥ်းဆုံး လူသွားလမ်း” ဟုလူသိများပါသည်။

သမ္မာကျမ်းစာတွင် “အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် အလွန်ကျဥ်းမြောင်းသည်ဖြစ်၍ တွေ့ဝင်သောသူတို့သည် နည်းကြ၏” ဟု ဖော်ပြ ထားပါသည် (မ ၇:၁၄)။ ကျဥ်းမြောင်းသောတံခါးဟု သတ်မှတ်ရခြင်းမှာ ဘုရားသခင် ၏သားတော်သည် သန့်ရှင်းသောဝိညာဥ်တော်၏တန်ခိုးတော်အားဖြင့် အပြစ်သို့ ကျဆင်းသောလူသားများနှင့် ခမည်းတော်ဘုရားတို့ကို ပြန်လည်ပေါင်းစည်းပေးနိုင်သောတစ်ခုတည်းသောတံတား ဖြစ်သောကြောင့်တည်း (:၁၃-၁၄၊ယော ၁၀:၇-၉၊ ၁၆:၁၃)။ သို့သော် လူမျိုးတိုင်း၊ နိုင်ငံတိုင်းနှင့် လူမှုအဆင့်အတန်းမျိုးစုံမှ ယုံကြည်သူ များသည် ကောင်းကင်နိုင်ငံသို့ဝင်‌ရောက်နိုင်မည်ဖြစ်ပြီး ဘုရင်တကာတို့၏ဘုရင် ရှေ့တွင် ဦးညွတ်ပြတ်ဝပ်ကာ ပလ္လင်တော်ပတ်လည်တွင် ချီးမွမ်းကိုးကွယ်ဝပ်ပြုကြ မည်ဖြစ်သည် (ဗျာ ၅:၉)။ ဤသို့ ကွဲပြားမှုနှင့် ညီညွတ်မှု၏ထူးခြားသောပုံရိပ်တွင် လှပသော၊ မတူညီကွဲပြားသော ဘုရားသားသမီးများ အားလုံးပါဝင်သည်။

ကျွန်ုပ်တို့သည် မိမိအပြစ်ကြောင့် ဘုရားရှင်နှင့် ‌ကွဲကွာနေရသော်လည်း ထာဝရကာလသို့ဝင်ရောက်နိုင်ရန်အတွက် ခရစ်တော်နှင့် ကိုယ်တိုင်ဆက်ဆံရေး ဟူသည့် ကျဥ်းမြောင်းသော ပြန်လည်သင့်မြတ်ခြင်းလမ်းကိုလျှောက်ရန် ဖိတ်ခေါ် လျက်ရှိသည်။ သခင်ယေရှု၏ကားတိုင်ပေါ် အသက်စွန့်အသေခံခြင်း၊ သင်္ချိုင်း တွင်းမှ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ ပြန်တက်သွားခြင်းတို့သည် လူသားတိုင်း သိခွင့်ရှိသော၊ နေ့ရက်အစဥ်တိုင်းတွင် ဝေမျှ သက်သေခံထိုက်သော သတင်းကောင်းပင်ဖြစ်သည်။