ဆမ်၏အဖေသည် စစ်တပ်အာဏာသိမ်းစဥ်တွင် အသက်လုကာ ထွက်ပြေးခဲ့ရ သည်။ ရုတ်ခြည်း ဝင်ငွေပြတ်လပ်သွား၍ ဆမ်၏မိသားစုသည် သူ့ညီကို အသက် ဆက်ပေးနေသည့် အရေးကြီးသောဆေးဝါးများကို မဝယ်ယူနိုင်တော့ပါ။ ဆမ်သည် ဘုရားရှင်ကို အလွန်ဒေါသထွက်ကာ “ဤအဖြစ်မျိုးခံစားရလောက် အောင် ကျွန်တော်တို့ ဘာများလုပ်ခဲ့မိသလဲ”ဟု တွေးခဲ့မိသည်။

ယေရှုကိုယုံကြည်သူတစ်ဦးက ဆမ်မိသားစု၏ပြဿနာများကို ကြားသိသွားပြီး သူ၌ ဆေးဝယ်ရန် လုံလောက်သောငွေရှိသောကြောင့် သူသည် ဆေးဝယ်ပြီး ဆမ်၏မိသားစုထံသို့ ယူသွားပေးခဲ့သည်။ သူစိမ်းတစ်ဦးထံမှရရှိသော အသက်ကယ် လက်ဆောင်သည် လေးနက်စွာ အကျိုးသက်ရောက်ခဲ့သည်။ “ဒီတနင်္ဂနွေနေ့ကျရင် ဒီလူရဲ့ဘုရားကျောင်းကို သွားတက်ကြရအောင်” ဟု သူ့အမေက အတိအလင်း ပြောခဲ့သည်။ ဆမ်၏ဒေါသလည်း လျော့ပါးလာခဲ့ပြီး နောက်ဆုံးတွင် မိသားစုဝင် အားလုံး တစ်ယောက်ပြီးတစ်ယောက် ယေရှုကိုယုံကြည်လာခဲ့ကြသည်။

ယေရှုခရစ်ကို ယုံကြည်ကြောင်းဝန်ခံမှုနှင်အတူ သိက္ခာသမာဓိရှိသော ဘဝ ရှင်သန်မှုသည် လိုအပ်ကြောင်း ရှင်ယာကုပ်ရေးသားရာ၌ အခြားသူအား ဂရုပြု စောင်မရန်လိုအပ်မှုကို အလေးပေးဖော်ပြခဲ့သည်။ “ညီအစ်ကိုမောင်နှမတို့သည် အဝတ်ချည်းစည်းရှိ၍ နေ့တိုင်းစားရသောအစာမရှိသောအခါ” သင်တို့တွင် တစ်စုံ တစ်ယောက်သောသူက၊ ငြိမ်ဝပ်စွာ သွားကြလော့။ နွေးကြလော့။ ဝကြလော့ဟု ပြောလျက် သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိနိုင်သနည်း” (ယာ ၂:၁၅-၁၆)ဟူ၍ ရေးသားခဲ့သည်။

မိမိ၏လုပ်ရပ်က မိမိ၏ယုံကြည်ခြင်းစစ်မှန်မှုကို ပြသပါသည်။ ထိုအပြုအမူသည် ယုံကြည်ခြင်းနှင့်ပတ်သက်၍ အခြားသူများ ရွေးချယ်မှုပြုရာတွင် သိသိသာသာ လွှမ်းမိုးမှုရှိနိုင်သည်။ ဆမ်၏အဖြစ်အပျက်တွင်မူ သူသည် သင်းအုပ်ဆရာနှင့် အသင်းတော်များကို ကူညီတည်ထောင်သူ ဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် သူ့မိသားစုကို ကူညီပေးခဲ့သူအား “Papa Mapes” ဟု ခေါ်ပြီး ယခုအခါ ဆမ်သည် Papa Mapes အား သူ့ကို ယေရှု၏ချစ်ခြင်း မေတ္တာပြသခဲ့သူ၊ သူ၏ဝိညာဥ်ရေးရာဖခင်အနေဖြင့် သိခဲ့ပြီဖြစ်သည်။