ကျော်ကြားသော ဧဝံဂလိတရားဟောဆရာကြီး Billy Graham (ဘီလီဂရေဟမ်) သည် သမ္မာကျမ်းစာ လုံးဝမှန်ကန်သည်ဟု လက်ခံနိုင်ရန် ကြိုးစားခဲ့ရကြောင်း တစ်ခါက ပြန်လည်ပြောပြခဲ့ဖူးသည်။ တစ်ည၌ San Bernardino (ဆန်ဘာနာ ဒီနို) တောင်ရှိ ဆိတ်ငြိမ် ရိပ်သာတွင် လရောင်အောက်ဝယ် သူတစ်ယောက်တည်း လမ်းလျှောက်နေရင်း ဒူးထောက်ချလိုက်ပြီး သူ၏သမ္မာကျမ်းစာကို သစ်ငုတ်ပေါ် တွင် တင်လိုက်ကာ “အိုအဘဘုရားသခင်၊ ဤစာအုပ်ထဲတွင် ကျွန်တော်နားမလည် သောအရာ များစွာရှိပါ၏” ဟု အထစ်ထစ်အငေါ့ငေါ့ဖြင့် ဆုတောင်းခဲ့သည်။

သူ၏ဇဝေဇဝါရှုပ်ထွေးနေမှုကို ဖွင့်ဟဝန်ခံခြင်းဖြင့် နောက်ဆုံးတွင် “အဘ၊ ကျွန်တော်သည် ဤသမ္မာကျမ်းစာကို ကိုယ်တော်၏နှုတ်တော်ထွက်အဖြစ် ယုံကြည် ခြင်းဖြင့် လက်ခံပါတော့မည်” ဟု ဝန်ခံနိုင်အောင် သန့်ရှင်းသောဝိညာဥ်တော်သည် မစလျက် လွတ်မြောက်မှုပေးခဲ့သည်ဟု ဂရေဟမ် ဆိုခဲ့သည်။ သူပြန်ထရပ်ချိန်တွင် သူ့၌မေးခွန်းများစွာ ရှိနေသေးသော်လည်း “ကျွန်တော့်စိတ်ထဲရှိ ဝိညာဥ်ရေးရာ တိုက်ပွဲကို တိုက်ခိုက်အနိုင်ရခဲ့ပြီဖြစ်ကြောင်း ကျွန်တော်သိပါသည်”ဟုသူဆိုခဲ့သည်။

ငယ်ရွယ်သောပရောဖက် ယေရမိသည်လည်း ဝိညာဥ်ရေးရာတိုက်ပွဲကို တိုက်ခဲ့ရပါသည်။ သို့သော် သူသည် အမြဲတစေ သမ္မာကျမ်းစာ၌ အဖြေရှာခဲ့သည်။ “အကျွန်ုပ်တွေ့သော နှုတ်ကပတ်တော်စကားကို ခံယူပါပြီ။ နှုတ်ကပတ်တော် သည် အကျွန်ုပ်ရွှင်လန်းဝမ်းမြောက်စရာအကြောင်း ဖြစ်ပါ၏” (ယေ ၁၅:၁၆)၊ “ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် … ငါ့အရိုးတို့၌ချုပ်ထား၍၊ လောင်သောမီး ကဲ့သို့ နှုတ်ကပတ်တော်သည် ငါ့နှလုံး၌ ဖြစ်(ပါ၏)…” (ယေ ၂၀:၈-၉) ဟု သူပြောဆို ခဲ့သည်။ ၁၉ ရာစု ဧဝံဂလိတရားဟောဆရာ Charles Spurgeon (ချားလ်စ် စပါဂျင်)က “ယေရမိသည် ကျွန်ုပ်တို့အား လျှို့ဝှက်ချက်တစ်ခုကို ဖော်ပြခဲ့သည်။ သူသည် သူဟောကြားခဲ့သော တရားဒေသနာအား စိတ်နှလုံးတွင်းမှ ချစ်မြတ်နိုး ခဲ့သည့်အတိုင်း သူ၏အပြင်ဘဝ အထူးသဖြင့် သူ၏သစ္စာတည်သော အမှုတော် ဘဝကို ရှင်သန်ခဲ့သည်” ဟု ရေးသားခဲ့သည်။

ကြိုးစားရုန်းကန်ရမှုများရှိလင့်ကစား သမ္မာကျမ်းစာ၏ဉာဏ်ပညာဖြင့် မိမိဘဝကို ကျွန်ုပ်တို့လည်း လိုရာပုံသွင်းနိုင်ပါသည်။ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အမြဲပင် လေ့လာသင်ယူနိုင်ပါသည်။