ကျွန်မ၏အချစ်ဆုံးသူငယ်ချင်းနှင့်အတူ နေ့လည်စာစားပြီးနောက် အိမ်သို့ ကား မောင်းပြန်ခဲ့စဥ် သူနှင့်မိတ်ဆွေဖြစ်ရခြင်းအတွက် ဘုရားသခင်အား နှုတ်မှဖွင့်ဟကာ ကျေးဇူးတင်ခဲ့မိသည်။ ကိုယ့်ကိုကိုယ်ပင် မကြိုက်သောအရာများ ရှိလျက်ပင် သူက ကျွန်မကို နားလည်ပြီး ချစ်သည်။ ကျွန်မ၏ထူးခြားသောစရိုက်၊ အကျင့်နှင့် အလွဲ အချော်များစသည့် ကျွန်မ၏ပုံစံအမှန်အတိုင်းကို လက်ခံပေးသော လူအနည်းစုထဲမှ တစ်ဦးဖြစ်သည်။ သို့ဖြစ်လျက်ပင် ကျွန်မလူစွမ်းကောင်း လုံးဝမဖြစ်ခဲ့သော အချိန် များ၊ အခြားသူများကို ကျွန်မဝေဖန်အပြစ်မြင်ခဲ့သော၊ မကြင်နာခဲ့သော၊ မခင်မင်တတ်ခဲ့သောအချိန်များစသည်ဖြင့် – သူမနှင့်အခြား ကျွန်မချစ်ခင်နှစ်သက်သူများ အား ပြောပြရန် တွန့်ဆုတ်နေသေးသော ဘဝအကြောင်းများ ရှိနေသေးသည်။
သို့သော် ဘုရားသခင်သည် ကျွန်မဘဝ၏ ဖြစ်ကြောင်းကုန်စင် အားလုံးကို သိပါ သည်။ အကယ်၍ ကျွန်မက အခြားသူများကိုပြောပြရန် တွန့်ဆုတ်နေလျှင်သော်မှ ဘုရားရှင်သည် ကျွန်မပွင့်လင်းစွာ ပြောဆိုနိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။
ကျွန်ုပ်တို့ ရင်းနှီးပြီးသားဖြစ်သော ဆာလံကျမ်း အခန်းကြီး ၁၃၉ မှစကားလုံးများသည် ကျွန်ုပ်တို့၏ကောင်းကင်ဗိုလ်ခြေအရှင်နှင့် ကျွန်ုပ်တို့၏ရင်းနှီးကျွမ်းဝင်မှုကို ဖော်ပြထားသည်။ “ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍သိတော်မူ၏” (:၁)။ “အကျွန်ုပ်ကျင့်သောအကျင့် အလုံးစုံတို့ကို သိကျွမ်းတော်မူ၏” (:၃)။ ကျွန်ုပ်တို့ ၏ ရှုပ်ထွေးမှု၊ စိုးရိမ်မှုများ၊ အပြစ်သွေးဆောင်မှုကို ကြိုးစားရုန်းကန်ရမှုများဖြင့် သူ့ထံလာရန် ဘုရားရှင်ဖိတ်ခေါ်သည်။ သူ့ထံမှလမ်းလွဲသွားခဲ့ခြင်းကြောင့် ပြန်တွေးမိ တိုင်း ဝမ်းနည်းရသည့် ကျွန်ုပ်တို့၏ဘဝအဖြစ်အပျက်များကို အလိုတော်ကို လုံးဝ လိုက်နာရန်ဆန္ဒဖြင့် လိုလားစွာလက်တော်သို့ အပ်နှံသောအခါ ဘုရားရှင်သည် ပြန်လည်မွမ်းမံ၍ ကျွန်ုပ်တို့၏ဇာတ်လမ်းကို အသစ်ပြန်လည်ရေးသားပေးနိုင်သည်။
အခြားသူများသိနိုင်သမျှထက် ဘုရားရှင် ကျွန်ုပ်တို့ကို ပိုသိသည်။ သိသိချည်း နှင့် ကျွန်ုပ်တို့ကို ချစ်နေသေးသည်။ မိမိကိုယ်ကို ဘုရားရှင်ထံ နေ့စဥ်အပ်နှံလျက် ကိုယ်တော်အား ပိုမိုပြည့်စုံစွာသိလာရန်ရှာကြံသောအခါ ကျွန်ုပ်တို့၏ဖြစ်ကြောင်းကုန်စင်ကို ဘုန်းတော်အဖို့အလို့ငှာ ဘုရားရှင် ပြောင်းလဲစေနိုင်သည်။ ဘုရားရှင်သည် အမြဲမပြတ် ဆက်လက်ရေးသားနေသော စာရေးဆရာဖြစ်သည်။