၁၉၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်တွင် ဖြစ်ခဲ့သော ပေါက်ကွဲမှုများသည် အမေရိကန်နိုင်ငံ၊ West Virginia (အနောက်ဗာဂျီးနီးယား)ပြည်နယ်ရှိ ရပ်ရွာလူထုကို တုန်လှုပ် ခြောက်ခြားစေခဲ့ပြီး၊ ကျောက်မီးသွေးတွင်းလုပ်ငန်း၏ သမိုင်းတစ်လျှောက်တွင် အဆိုးဝါးဆုံးကပ်ဘေးကို ဖြစ်ပေါ်စေခဲ့သည်။ အလုပ်သမား ၃၆၀ ခန့်သေဆုံးခဲ့ရပြီး၊ အမျိုးသမီး ၂၅၀ ခန့် မုဆိုးမများ ဖြစ်သွားသည်။ ကလေးသူငယ် ၁၀၀၀ ခန့် ဖတဆိုး များဖြစ်ခဲ့သည် ဟုခန့်မှန်းရသည်။ အမေရိကန်၌ ဤအဖြစ်အပျက်ကို အောက်မေ့ သတိရခြင်း အခမ်းအနားမှအခြေခံပြီး ဖခင်များနေ့ဂုဏ်ပြုကျင်းပခြင်း ဖြစ်ပေါ်လာ သည်ဟု သမိုင်းပညာရှင်များက ခံယူထားကြသည်။ ကြီးမားသော ဆုံးရှုံးမှု မှသည် အောက်မေ့သတိရခြင်းဖြစ်ပေါ်ပြီးနောက် ဂုဏ်ပြုအခမ်းအနား ဖြစ်လာသည်။

လူ့သမိုင်းတွင် အကြီးမားဆုံးအဖြစ်ဆိုးမှာ လူသားများက သူတို့၏ဖန်ဆင်းရှင်ကို ကားစင်တင်ခဲ့ခြင်းဖြစ်သည်။ သို့တိုင်အောင် ထိုမှောင်မိုက်သောကာလသည် သတိရအောက်မေ့ခြင်းနှင့် ဂုဏ်ပြုခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်။ ယေရှုသည် သူကားစင်သို့မတက်မီညတွင် ဣသရေလအမျိုးသားတို့၏ပဿခါပွဲမှ အခြေခံ သဘောတရားကိုယူ၍ သူ၏အောက်မေ့ဖွယ်အခမ်းအနားကို ဖန်တီးခဲ့သည်။ ၎င်းကို ရှင်လုကာက “ထိုအခါမုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား သင်တို့အဖို့အလိုငှာစွန့်သော ငါ၏ကိုယ်ဖြစ်၏။ ငါ့ကို အောက်မေ့ဖို့ရာဤသို့ပြုကြလော့ဟုမိန့်တော်မူ၏”ဟုမှတ်တမ်းတင်ဖော်ပြထားသည် (လု ၂၂:၁၉)။

ယနေ့ထိ ပွဲတော်ဝင်သည့်အခါတိုင်းတွင် ကျွန်ုပ်တို့အတွက် ယေရှု၏ကြီးမြတ်ပြီး မယုတ်မလျော့သောချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ဂုဏ်ပြုကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့အား ကယ်တင်ရန် ပေးဆပ်ခဲ့ရသည့် တန်ဖိုးကိုနားလည်ကာ ယေရှု၏ စွန့်လွှတ်အနစ်နာခံမှုကြောင့် ကျွန်ုပ်တို့ ရရှိခဲ့သော အသက်လက်ဆောင်ကို ချီးကျူးဂုဏ်ပြုကြသည်။ Charles Wesley (ချားလ် ဝက်စလေ)က သူ၏ ပြောင်မြောက်သော ဓမ္မသံစုံသီချင်းတွင် ရေးစပ်ခဲ့သလိုပင် “ကျေးဇူးမေတ္တာ အံဖွယ်ချိုသာ၊ ငါ့အား ကယ်ရန် သေခံ၊ ကျွန်ုပ်အဖို့ သေခြင်းခံရန် မည်သို့ ဖြစ်နိုင်ပါနည်း”။