လယ်သမားတစ်ဉီးသည် ကောက်နှံများကိုကြည့်ရှုစစ်ဆေးရန် လယ်တောသို့ သူ၏ထရပ်ကားလေးဖြင့် မနက်စောစောသွားခဲ့သည်။ သူ၏လယ်အစွန်ဆုံး ပိုင်းသို့ ရောက်သောအခါ သူ့ဒေါသများ ဆူပွက်သွားသည်။ လယ်မြေအစွန်ပိုင်း လူသူဝေးရာဖြစ်သည်ကို အခွင့်ကောင်းယူပြီး လူတစ်ဉီးက အမှိုက်သရိုက်များကို ထပ်ပြီး လာပုံထားခြင်း‌ကြောင့်ဖြစ်သည်။

စားကြွင်းစားကျန်အမှိုက်အိတ်ကို သူကားပေါ်တင်လိုက်စဉ် စာအိတ် တစ်အိတ်ကိုတွေ့သဖြင့် ကြည့်လိုက်ရာ အမှိုက်လာပစ်သူ၏လိပ်စာကို တွေ့လိုက် ရသည်။ ထိုအခွင့်အရေးကို လက်လွတ်ရန် နှမျောစရာကောင်းလှပါဘိ။ ထိုညတွင် လယ်သမားကြီးသည် သူတင်လာသည့်အမှိုက်များသာမက သူ့အမှိုက်များကိုပါ ထိုသူ၏ခြံအတွင်းသို့ သွားပစ်ခဲ့တော့သည်။

လက်စားချေခြင်းက ချိုမြိန်သည်ဟု ဆိုကြသည်။ သို့သော် ၎င်းသည် မှန်ပါ သလား‌။ ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး ၂၄ တွင် ဒါဝိဒ်နှင့် သူ့လူများသည် ၎င်းတို့ကိုလိုက်သတ်နေသည့် ရှောလုမင်း၏ရန်မှ လွတ်အောင် ဂူတစ်ဂူ၌ ပုန်းအောင်း နေကြသည်။ ရှောလုမင်း ကလည်း ခေတ္တနားနေရန် ထိုဂူထဲသို့ပင် ဝင်လာခဲ့သည်။ ဒါဝိဒ်အနေနှင့် ရန်တုံ့ပြန်ရန် လက်မလွတ်သင့်သောအခွင့်ကောင်းဟု သူ့လူများက မြင်သည် (:၃-၄)။ သို့သော် ရန်တုံ့ပြန်လိုသောဆန္ဒစိတ်ကိုဆန့်ကျင်၍ ဒါဝိဒ်ပြုမူခဲ့ သည်။ “ထိုအရှင်ကို ထိခိုက်ခြင်းငှာ ငါ့လက်ဆန့်သောအမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသော” (:၆) ဟု ဆိုခဲ့သည်။ ဒါဝိဒ်က သူ့အသက်ကို လွတ်ပေးခဲ့ကြောင်း ရှောလုမင်း သိလိုက်သောအခါ သူသည် မယုံသင်္ကာဖြစ်လျက် “သင်သည် ငါထက်သာ၍ တရားစောင့်၏” (:၁၇-၁၈) ဟု ဟစ်ကြွေးခဲ့သည်။

မိမိ (သို့) မိမိချစ်ခင်ရသူတို့ မတရားမှုများကြုံရသောအခါ မိမိ၏ရန်သူအပေါ် လက်တုံ့ပြန်ရန် အခွင့်အရေးလည်းလာတတ်ပါသည်။ လယ်သမားကြီးကဲ့သို့ မိမိစိတ်အလိုကို လိုက်မည်လား။ ဒါဝိဒ်ကဲ့သို့ ဆန့်ကျင်ဘက်လုပ်ရပ်ကို ရွေးချယ်မည်လား။ လက်စားချေ ရန်တုံ့ပြန်ခြင်းထက် ဖြောင့်မတ်ခြင်းလမ်းကို ကျွန်ုပ်တို့ ရွေးချယ်ပါမည်လား။