ကျွန်တော့်ကို သူမမတွေ့မီ အခန်းတစ်ခုထဲသို့ ကျွန်တော်ရှောင်ဝင်လိုက်သည်။ ပုန်းနေရခြင်းကို ကျွန်တော်ရှက်သော်လည်း သူမနှင့်ထိပ်တိုက်မတွေ့လို၊ ဖြစ်နိုင်လျှင် တွေ့ပင်မတွေ့ချင်ပါ။ ကိုယ့်နေရာကိုယ်နေဟု သူမကို ပြောလိုက်ချင်ပါသည်။ အတိတ်မှ သူမ၏အပြုအမူကြောင့် ကျွန်တော်အလွန်အမင်းစိတ်အနှောင့်အယှက်ဖြစ်ခဲ့သော်လည်း ကျွန်တော်က သူ့ကိုမခံချိမခံသာဖြစ်အောင် ပိုလုပ်ခဲ့မိပုံရသည်။

ယုဒလူနှင့် ရှမာရိလူတို့သည် တစ်ဉီးနှင့်တစ်ဉီးအပြန်အလှန်မခံချိမခံသာဖြစ်အောင်လုပ်ကြသည်။ ကပြားသွေးနှောသူ ရှမာရိတို့က ၎င်းတို့၏ကိုယ်ပိုင် နတ်ဘုရား ကို ကိုးကွယ်သည်မှာ ယုဒတို့အမြင်၌ ယုဒအမျိုးနှင့်ယုံကြည်ခြင်းကို ဖျက်ဆီးသူ၊ ဂေရဇိန်တောင်ပေါ်၌ စစ်ပြိုင်ဘာသာရေးထူထောင်သူများဖြစ်သည် (ယော ၄:၂၀)။ ထို့ပြင် ရှမာရိတို့အပေါ် ယုဒတို့မထီမဲ့မြင်ပြုပုံကား ယေရုရှလင်သို့သွားလျှင် ရှမာရိ ပြည်ကို တိုက်ရိုက်မဖြတ်ဘဲ ခရီးဝေးသော်လည်း ကွေ့ပတ်ကာ သွားကြသည်။

သခင်ယေရှုသည် သာ၍ကောင်းသောလမ်းကို ဖော်ပြခဲ့သည်။ ရှမာရိလူတို့ အပါအဝင် လူအပေါင်းတို့အတွက် ကယ်တင်ခြင်းကို သခင်ဆောင်ယူခဲ့သည်။ ထို့ကြောင့် အပြစ်များသောအမျိုးသမီးနှင့် သူမ၏မြို့အတွက် အသက်ရေကိုပေးရန် ရှမာရိပြည်အလယ်၌ ဖြတ်လျှောက်သွားခဲ့သည် (:၄-၄၂)။ တပည့်တော်တို့အား သခင်မိန့်ကြားခဲ့သောနောက်ဆုံးသောစကားမှာ သူ၏စံနမူနာအတိုင်းလိုက်လျှောက်ရန်ဖြစ်သည်။ သူတို့သည် ယေရုရှလင်မှစ၍ ရှမာရိပြည်ကိုဖြတ်ကာ “မြေကြီးစွန်း တိုင်” သတင်းကောင်းကို လူတိုင်းနှင့် မျှဝေရပါမည် (တ၁:၈)။ ယေရုရှလင်မှစ၍ ရှမာရိပြည်ဟုဆိုရာ၌အိမ်နီးချင်းနယ်ပယ်ဝန်းကျင် ဖြစ်ရုံမျှမကပါ။ တပည့်တော် တို့သည် အနာကျင်ရဆုံးအမှုတော်တာဝန်ဖြစ်မည့် ၎င်းတို့ မနှစ်သက်သူကို ချစ်ရန် တစ်သက်လုံးဘက်လိုက်ဆက်ဆံခဲ့မှုများကို အောင်မြင်ကျော်လွှားရမည်ဖြစ်သည်။

ကျွန်ုပ်တို့၏နာကျင်ဝမ်းနည်းမှုများထက် သခင်ယေရှုက ပိုအရေးပါ ပါသလား။ သခင်ပိုအရေးပါကြောင်းပြရန် အသေချာဆုံးနှင့် တစ်ခုတည်းသော နည်းလမ်းမှာ ကိုယ်နှင့်စပ်ဆိုင်သည့် “ရှမာရိလူ”ကို ချစ်ရန်ဖြစ်သည်။