ကျွန်မ၏ခင်ပွန်းနှင့်သားသည် သူတို့ကြည့်မည့် ရုပ်ရှင်ကိုရွေးရာ သူတို့အကြိုက် ဇာတ်ကားများ ထုတ်လွှင့်မည်ကို တွေ့ရှိခဲ့သည်။ ဇာတ်သိမ်းခန်းကို ကြိုကြည့် ရခြင်းကလည်း သူတို့ဝါသနာ၊ သို့နှင့် ထိုသို့ဇာတ်ကားရွေးခြင်းက အပျော်တမ်း ဂိမ်းကစားသကဲ့သို့ ဖြစ်လာသည်။ နောက်ဆုံးဇာတ်ကား ၈ ကားကို သူတို့ တွေ့ခဲ့ သည်။ စိတ်ကသိအအောင့်နှင့် “ရုပ်ရှင်တစ်ကားကိုရွေးပြီး အစကနေ ဘာလို့ စမကြည့်တာလဲ” ဟု ကျွန်မမေးရာ ခင်ပွန်းသည်က “ကောင်းလွန်းလှတဲ့ ဇတ်သိမ်းခန်းကို မကြိုက်တဲ့သူ ရှိလားကွာ” ဟု ရယ်လျက် ပြန်ဖြေခဲ့သည်။

ကျွန်မနှစ်သက်သောစာအုပ် (သို့) ရုပ်ရှင်၏ နိဂံုးပိုင်းကို မျှော်တလင့်လင့် ဖြစ်ရကြောင်း ကျွန်မလည်း ဝန်ခံရပါသည်။ ကျမ်းစာဖတ်ရာ၌လည်း ပိုကောင်း ပိုနားလည်လွယ်ပုံရသည့် ကျွန်မကြိုက်သည့်အပိုင်း၊ ဇာတ်လမ်းများကို သဲ့ပြီး ဖတ်ရှုသည်။ သို့သော် ကျွန်မတို့ကို ပြုပြင်ပြောင်းလဲရန်နှင့် သခင်ယေရှုကို ယုံကြည်သူတို့အတွက် ဘုရားသခင်၏ဇာတ်လမ်းသည် ကောင်းစွာအဆုံးသတ် မည်ကို အတည်ပြုပေးရန် စိတ်ချရသော၊ အသက်တာအတွက် အကြုံးဝင်သော ဘုရား၏စကားတော်အားလုံးကို သန့်ရှင်းသောဝိညာဉ်တော်က သုံးပါသည်။

ခရစ်တော်က “ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဉီးဆုံး သောသူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏” (ဗျာ ၂၂:၁၃)ဟု မိန့်တော်မူသည်။ သူ့လူတို့သည် ထာဝရအသက်ကို အမွေခံရမည်(:၁၄)ဟုလည်း ကြွေးကြော်သည်။ ဤကျမ်းစာစောင်၏အနာဂတ္တိစကားကို ထပ်၍ အသစ်သွင်း သူ၊ စကားအချို့ကိုနှုတ်ပယ်သူများကိုလည်း သတိပေးထားသည် (:၁၈-၁၉)။

သမ္မာကျမ်းစာ၌ ပါရှိသမျှကို ကျွန်ုပ်တို့သိချင်မှသိမည်။ နားလည်ချင်မှ နားလည်မည်။ သို့သော် သခင်ယေရှုတစ်ဖန်ပြန်ကြွလာမည်ကို ကျွန်ုပ်တို့ အမှန် သိသည်။ ကိုယ်တော်ကတိတည်တော်မူလိမ့်မည်။ ဒုစရိုက်ကို အပြီးချေမှုန်းမည်။ အမှားကို ပြန်လည်တည့်မတ်မည်။ အရာခပ်သိမ်းကို အသစ်ဖြစ်စေမည်။ ထို့နောက် ချစ်နှစ်သက်ဖွယ်သောဘုရင်အဖြစ် ထာဝရစိုးစံမည်။ ၎င်းသည် ကျွန်ုပ်တို့၏အသစ်သောအစပြုခြင်းသို့ ဉီးတည်သွားမည့် ကောင်းလွန်းလှသည့် နိဂုံးပိုင်းပင် ဖြစ်တော့သည်။