ကျွန်မတို့မိသားစုသည် အမြဲ မဟုတ်သော်လည်း ကျွန်မတို့၏အဘိုး Dierking (ဒီယာကင်း)ကို ယုံကြည်ခြင်းနှင့် ဆုတောင်းအားကြီးသူအဖြစ် အမှတ်ရကြသည်။ “တို့တတွေ အစာမစားခင် ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းခြင်းနဲ့ စကြမယ်” ဟူ၍ ပထမဆုံးအကြိမ် မိသားစု၌ သူ့အဖေကြေညာလိုက်ခြင်းကို ကျွန်မအဒေါ်က ပြန်ပြောင်းသတိရသည်။ သူ၏ပထမဆုံးဆုတောင်းက မပြေပြစ်သော်လည်း အဘိုးသည် ဆုတောင်းခြင်း အလေ့အကျင့်ကို နောက်ထပ် နှစ်ပေါင်း (၅၀) ကျော် ဆက်လက်လုပ်ဆောင်ခဲ့ပြီး မကြာခဏဆိုသလို တစ်နေ့လုံး ဆုတောင်းတတ်သည်။ အဘိုးဆုံးသွားသောအခါ ကျွန်မ၏ခင်ပွန်းသည် “အဘိုးက ဆုတောင်းခြင်း အားကြီးသူတစ်ဦးဖြစ်တယ်” ဟုပြောပြီး အဖွားကို “Praying hands” (ဆုတောင်းနေသောလက်များ) အပင်လေးပေးခဲ့သည်။ နေ့စဥ် ဘုရားရှင်နောက်တော်လိုက်ပြီး ကိုယ်တော်နှင့်စကားပြောရန် ဟူသော သူ၏ဆုံးဖြတ်ချက်က သူ့အား ခရစ်တော်၏သစ္စာရှိသော အစေခံတစ်ဦးအဖြစ် ပြောင်းလဲ ပေးခဲ့သည်။

သမ္မာကျမ်းစာ၌ ဆုတောင်းခြင်းအကြောင်း များစွာပါရှိ၏။ ရှင်မဿဲခရစ်ဝင် ၆:၉-၁၃ ၌ သခင်ယေရှုက သူ့နောက်လိုက်များအား ဆုတောင်းရန်ပုံစံကို ပေးခဲ့ပြီး အရင်းခံစိတ်နှင့် ချီးမွမ်းလျက် ဘုရားသခင်ထံပါး တိုးဝင်ရန် သွန်သင်ခဲ့သည်။ ဘုရားသခင်ထံ တိုးဝင်တောင်းလျှောက်ရာ၌ “ကျွန်ုပ်တို့အတွက် အသက်မွေး လောက်သောအစာ”ကို ဘုရားသခင် ပြင်ဆင်ပေးမည် (:၁၁)ဟု ကျွန်ုပ်တို့ယုံကြည် သည်။ အပြစ်များကို ဝန်ချတောင်းပန်ပြီး ခွင့်လွှတ်ရန်နှင့် စုံစမ်းခြင်းကို ရှောင်ရှားနိုင် အောင် ကူညီမစရန် ကိုယ်တော့်ထံ တောင်းခံကြသည် (:၁၂-၁၃)။

သို့သော် “သခင်ဘုရား၏ပတ္ထနာတော်”ဖြင့်သာ ဆုတောင်းရန် ကန့်သတ်ချက် မရှိပါ။ “ဆုတောင်းပတ္ထနာပြုခြင်း အမျိုးမျိုးဖြင့်” “အခြေအနေတိုင်း၌” ဆုတောင်းရန် ဘုရားသခင်အလိုရှိသည် (ဧ ၆:၁၈)။ ဝိညာဉ်ရေး ကြီးထွားရေးအတွက် ဆုတောင်းခြင်းသည် အရေးကြီးပြီး၊ နေ့ရက်တိုင်း ကိုယ်တော်နှင့် အဆက်မပြတ် စကားပြောဆက်သွယ်နိုင်သော အခွင့်အရေးဖြစ်သည် (၁ သက် ၅:၁၇-၁၈)။

ကိုယ်တော်နှင့်စကားပြောရန် တောင့်တသော နှိမ့်ချသောစိတ်ဖြင့် ဘုရားရှင် ထံပါးတိုးဝင်စဉ် ကိုယ်တော့်အား တိုး၍သိကျွမ်းလာအောင်၊ တိုး၍ချစ်လာအောင် ကျွန်ုပ်တို့ကို မစပါစေသား။