မြည်လာသောဖုန်းကို ကျွန်မ မဆိုင်းမတွဘဲ ချက်ချင်းကိုင်လိုက်သည်။ ဖုန်းခေါ်သူမှာ ကျွန်မတို့အသင်းတော်မိသားစုတွင် အသက်ကြီးဆုံးအသင်းသားဖြစ်ပြီး တက်တက်ကြွကြွဖြင့် အလုပ်ကြိုးစားသူ အသက်တစ်ရာနီးပါးရှိ အမျိုးသမီးဖြစ်ပါသည်။ သူမ၏အသစ်ထွက်မည့်စာအုပ်ကို အချောသတ်နေရင်း နောက်ဆုံးပိတ်စာကြောင်းကို ကူပြီးစဥ်းစားပေးရန် စာအရေးအသားနှင့်ဆိုင်သည့် မေးခွန်းအချို့ကို သူမေးသည်။ ခါတိုင်းလိုပင် ကျွန်မလည်း ချက်ခြင်းပင် သူမဘဝ၊ အလုပ်၊ ချစ်သူ၊ မိသားစုနှင့် ပတ်သက်သောမေးခွန်းများ တရစပ် ပြန်မေးလိုက်သည်။ ရှည်လျားလှ သောဘဝမှ သင်ယူခဲ့သော သူမ၏ဘဝသင်ခန်းစာများသည် ပညာ အမြော်အမြင်ဖြင့် တောက်ပနေပါသည်။ သူမက “ဖြည်းဖြည်း၊ ပုံမှန်ပဲသွားပါ”ဟု ကျွန်မကို ပြောပြီး ခဏအကြာတွင် သူမကိုယ်၌ ပုံမှန်လုပ်ရန် မေ့နေခဲ့သောအချိန်များ အကြောင်းကို သတိရပြီး နှစ်ဦးသားရယ်မောလိုက်မိသည်။ အံ့သြဖွယ် သူမ၏ဘဝဇာတ်လမ်းများက စစ်မှန်သော၀မ်းမြောက်ခြင်းများနှင့် အပြည့်ဖြစ်သည်။

ဉာဏ်ပညာသည် ပျော်ရွှင်မှုသို့ ဦးတည်သွားကြောင်း နှုတ်ကပတ်တော်မှ သွန်သင်ထားသည်။ “ဉာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာရှိ၏” (သု ၃:၁၃)။ ဉာဏ်ပညာမှ ပျော်ရွှင်မှုသို့သွားသော ဤလမ်းသည် သမ္မာတရားနှင့်ဆိုင်သော ပါရမီတစ်ခုဖြစ်သည်။ “ပညာသည် သင်၏နှလုံးထဲသို့ဝင်၍ သင်သည် သိကြားခြင်း၌မွေ့လျော်”လိမ့်မည် (သု ၂:၁၀)။ “ရှေ့တော်၌ ကောင်းသောသူအား ဉာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ၀မ်းမြောက်ခြင်းအခွင့်ကို (ဘုရားသခင်)ပေးတော်မူ၏” (ဒေ ၂:၂၆)။ သုတ္တံကျမ်း ၃:၁၇ တွင် “ပညာလမ်းတို့သည် သာယာသော လမ်း”သို့ ပို့ဆောင်လမ်းညွှန်ပေးနေကြောင်း ပြောထားပါသည်။

ဘဝ၏အမှုရေးရာများကို ဆင်ခြင်ရင်း ဆရာကြီးစီအက်စ်လူးဝစ်က “ဝမ်းမြောက်ခြင်းသည် ကောင်းကင်နိုင်ငံ၏အရေးပါသော အခန်းကဏ္ဍတစ်ခု” ဖြစ်ကြောင်း အတိအလင်းပြောခဲ့သည်။ ထိုလမ်းကား ဉာဏ်ပညာနှင့် ယှဥ်ဖောက် ထားသောလမ်းဖြစ်သည်။ အသက် ၁၀၇ နှစ်တိုင် အသက်ရှင်ခဲ့သော ကျွန်မ၏ မိတ်ဆွေက ၎င်းကို ထောက်ခံပါလိမ့်မည်။ သူမသည် ရှင်ဘုရင်ထံသို့ ဉာဏ်ပညာရှိပြီး ဝမ်းမြောက်သောခြေလှမ်းများဖြင့် လှမ်းခဲ့သောကြောင့် ဖြစ်ပါသည်။