အမေရိကန်နိုင်ငံ၊ Oregon (အော်ရီဂွန်)ပြည်နယ်၏ Malheur (မဲလ်ဟာ) အမျိုးသားသစ်တောတွင် ပျားရည်မှိုဟု လူသိများသော မှိုတစ်မျိုးသည် ဧက ၂၂၀၀ တစ်လျှောက်ရှိ သစ်ပင်အမြစ်တွင် ပျံ့နှံ့စွဲကပ်နေပြီး တွေ့ရှိနိုင်သမျှသက်ရှိများတွင် အများဆုံးဖြစ်သည်။ သစ်တောထဲ၌ “၎င်း၏ အနက်ရောင်ဖိနပ်ကြိုးကဲ့သို့သော အမျှင်”ဖြင့် နှစ်ပေါင်း ၂၀၀၀ ကျော်တိုင် ယက်လုပ်နေပြီး အခြားသစ်ပင်များကို သေစေပါသည်။ ထိုဖိနပ်ကြိုးကဲ့သို့သောအမျှင်ကို “Rhizomorphs” (ရိုင်ဇိုမော့ဖ်)ဟုခေါ်ပြီး မြေကြီးအတွင်း အနက် ၁၀ ပေအထိ နက်ရှိုင်းစွာ ဥမင်လိုဏ်ခေါင်းသဖွယ် ရှိနေသည်။ ထိုသက်ရှိသည် မယုံနိုင်လောက်အောင် များပြားသော်ငြား၊ ၎င်းသည် အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော မျိုးမှုန်ဆဲလ်တစ်ခုမှသာ စဖြစ်ခဲ့သည်။

သမ္မာကျမ်းစာတွင် အကြီးအကျယ် ပြစ်တင်ရှုတ်ချခံရသော မနာခံခြင်းနှင့် အခြေအနေကို ပြောင်းပြန်ဖြစ်စေခဲ့သော နာခံခြင်းအကြောင်းကို ဖော်ပြထားသည်။ တမန်တော်ရှင်ပေါလုက အာဒံနှင့် သခင်ယေရှုတို့၏ မတူညီမှုကို နှိုင်းယှဥ်ဖော်ပြသည် (ရော ၅:၁၄-၁၅)။ အာဒံ၏အပြစ်သည် “လူအားလုံး”အပေါ် အပြစ် စီရင်ခြင်းနှင့် သေခြင်းကို ယူဆောင်လာခဲ့သည် (:၁၂)။ မနာခံခြင်းတစ်ခုအားဖြင့် လူအပေါင်းသည် အပြစ်သားဖြစ်သွားပြီး ဘုရားသခင်ရှေ့တော်၌ အပြစ်ကြောင့် ဒဏ်ခတ်ခံကြရသည် (:၁၇)။ သို့သော် ဘုရားရှင်၌ လူသား၏အပြစ်ပြဿနာကို ဖြေရှင်းပေးရန် နည်းလမ်းရှိခဲ့သည်။ ကားတိုင်ပေါ်တွင် သခင်ယေရှုပြုခဲ့သော ဖြောင့်မတ်သောအမှုအားဖြင့် ဘုရားရှင်သည် ထာဝရအသက်နှင့် သူ့ရှေ့မှောက် ရပ်နေနိုင်ခွင့်ကိုပေးခဲ့သည်။ ခရစ်တော်၏မေတ္တာနှင့် နာခံခြင်းဖြင့် ပြုခဲ့သောအမှု သည် အာဒံ၏ မနာခံဘဲပြုခဲ့သောအမှုကို အောင်နိုင်ရန် “လူအပေါင်းတို့အတွက် အသက်ရှင်ခြင်းတရား”ကို ပြင်ဆင်ပေးနိုင်အောင် တန်ခိုးကြီးသည် (:၁၈)။

သခင်ယေရှု၏ကားတိုင်ပေါ်တွင် အသေခံပေးခြင်းအားဖြင့် သူ့ကိုယုံကြည်သူ မည်သူမဆိုအား ထာဝရအသက်ကို ပေးနေပါသည်။ သခင်ယေရှုပေးနေသော ခွင့်လွှတ်ခြင်းနှင့် ကယ်တင်ခြင်းကို သင်မရရှိသေးပါက ယနေ့ သင်ရယူနိုင်ပါသည်။ သင်သည် ယုံကြည်သူဆိုပါက ကြီးမားလှသည့် ချစ်ခြင်းမေတ္တာဖြင့် ပြုပေးခဲ့သော အရာအတွက် ဘုရားရှင်အား ကျေးဇူးတင်ချီးမွမ်းပါ။