ကျွန်တော်ကြီးပြင်းခဲ့သော ဂါနာနိုင်ငံရှိ ကျေးလက်မြို့လေးတွင် သောကြာနေ့သည် စျေးနေ့ဖြစ်သည်။ နှစ်များမည်မျှကြာပါစေ ထူးခြားသောစျေးသည်တစ်ယောက် ကိုတော့ ယခုထိတိုင်အမှတ်ရနေပါသေးသည်။ အနာကြီးရောဂါ (နူနာရောဂါ)ကြောင့် သူမ၏လက်ချောင်းခြေချောင်းများသည် ပုံပျက်ကာပျက်စီးနေပြီး စျေးရောင်းမည့်ဖျာပေါ်တွင် ကုန်းကာကွကာဖြင့် ဘူးသီးခြောက်ခွက်ဖြင့် ကုန်ပစ္စည်းကို သဲ့သဲ့ချပါသည်။ အချို့က သူမကိုရှောင်ဖယ်သွားကြသည်။ ကျွန်တော့်အမေကဖြင့် သူမထံတွင် အမြဲစျေးဝယ်ခဲ့သည်။ သူမကို သောကြာစျေးနေ့တွင်သာ တွေ့ရသည်။ အခြားရက်များတွင် မြို့ပြင်၌တိမ်းရှောင်ပုန်းအောင်းနေတတ်ပါသည်။
ရှေးခေတ် ဣသရေလလူမျိုးတို့တွင်လည်း နူနာရောဂါသည်များသည် “တပ်အပြင်”၌ နေရပါသည်။ ဤသည်မှာ ခိုကိုးရာမဲ့ဖြစ်ပြီး အထီးကျန်ဆန်လှသည်။ ထိုသူတို့အတွက် ဣသရေလလူမျိုးတို့၏ပညတ်မှာ “တစ်ယောက်တည်း နေရမည်” (ဝတ် ၁၃:၄၆) ဖြစ်သည်။ တပ်အပြင်နေရာသည် ယဇ်ပူဇော်ထားသော နွားတို့ကိုမီးရှို့ပြီး အရိုးပြာတို့ရှိရာအရပ်ဖြစ်သည် (၄:၁၂)။ တပ်အပြင်နေရာသည် နေချင်စရာမကောင်းသော အရပ်လည်းဖြစ်ပါသည်။
ဤသို့ ပြင်းထန်သောဖြစ်ရပ်မှန်များသည် ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၃ တွင် သခင်ယေရှု အကြောင်းဖော်ပြထားသော “သို့ဖြစ်၍ ငါတို့သည် ထိုသခင်နှင့် အတူ ကဲ့ရဲ့ခြင်းကိုခံ၍ တပ်ပြင်အထံတော်သို့ ထွက်သွားကြကုန်အံ့” (:၁၃)ဟူသည့် ရေးသားချက်ကို အသက်ဝင်စေပါသည်။ သခင်ယေရှုသည် ယေရုရှလင် မြို့တံခါးအပြင်ဘက်၌ ကားစင်တင်သတ်ခြင်း ခံခဲ့ရသည်။ ဟေဗြဲလူမျိုးတို့၏ ယဇ်ပူဇော်ခြင်းစနစ်ကို လေ့လာရာတွင် ၎င်းအရပ်သည် ထင်ရှားသော နေရာဖြစ်သည်။
ကျွန်ုပ်တို့သည် ကျော်ကြားလိုကြသည်၊ ချီးမြှင့်မြှောက်စားခြင်း ခံလိုကြသည်၊ သက်တောင့်သက်တာဘဝဖြင့် အသက်ရှင်လိုကြသည်။ သို့သော် ဘုရားသခင်က ကျွန်ုပ်တို့အား “တပ်အပြင်” မစင်ကြယ်သောသူများရှိရာသို့ သွားရန် စေစားနေပါသည်။ ထိုအရပ်တွင်သာ နူနာရောဂါနှင့်စျေးသည်များကို တွေ့နိုင်မည်ဖြစ်သည်။ ထိုအရပ်တွင်သာ တစ်ကမ္ဘာလုံးက ပစ်ပယ်ထားသောလူများကို သင်တွေ့နိုင်မည် ဖြစ်သည်။ ထိုအရပ်တွင်သာ သခင်ယေရှုကို တွေ့နိုင်မည်ဖြစ်သည်။