ကျေးရွာဘုန်းတော်ကြီးသည် မအိပ်နိုင်ပါ။ ဒုတိယကမ္ဘာစစ် အရှိန်ကောင်းနေစဥ်တွင် ဘုရားကျောင်းနှင့်ကပ်လျက် ခြံစည်းရိုးခတ်ထားသည့်သင်္ချိုင်းတွင် ကျဆုံးသွားသောရဲဘော်များကို မြေမြှုပ်သင်္ဂြုလ်ခွင့်မပြုနိုင်ကြောင်း အမေရိကန် စစ်သားအဖွဲ့လေးအား သူပြောခဲ့သည်။ အသင်းသားများကိုသာ သီးသန့် မြှုပ်နှံရန်အတွက် ဖြစ်သောကြောင့်ပါ။ ဤသို့ဖြင့် စစ်သားများသည် သူတို့ ချစ်ရသော သူငယ်ချင်းများကို ခြံစည်းရိုးအပြင်ဘက်တွင် မြှုပ်နှံခဲ့ကြသည်။

နောက်နေ့မနက်တွင် စစ်သားများက အုတ်ဂူများကို ရှာမတွေ့သဖြင့် “ဘာဖြစ်သွားတာလဲ။ အုတ်ဂူတွေ မရှိတော့ဘူး” ဟုသင်းအုပ်ဆရာကိုပြောရာ၊ ဆရာက “အို အဲ့ဒီမှာပဲ ရှိပါသေးတယ်” ဟုပြောသဖြင့် သူတို့တွေဝေသွားသည်။ ထိုအခါ ဆရာက “ငါငြင်းခဲ့မိလို့ စိတ်မကောင်းဖြစ်ရတယ်။ ဒါကြောင့် မနေ့ညက ထပြီး ခြံစည်းရိုးကိုရွှေ့လိုက်တာ” ဟုရှင်းပြလိုက်သည်။

ကျွန်ုပ်တို့ရှာဖွေကြည့်ပါလျှင် ဘုရားသခင်သည် ဘဝ၏စိန်ခေါ်မှုများကို အမြင်ရှုထောင့်အသစ်တစ်မျိုးဖြင့် မြင်စေပါသည်။ ၎င်းသည် ပရောဖက် ဟေရှာယက တန်ခိုးအာဏာဖြင့် အဖိနှိပ်ခံနေရသော ဣသရေလလူမျိုးများကို ပေးခဲ့သော သတင်းစကားဖြစ်သည်။ ပင်လယ်နီတွင် ကယ်တင်ပေးခဲ့သောအမှုကို လည်ပြန်ကြည့်ကာ တောင့်တနေမည့်အစား သူတို့၏အမြင်များကို ပြောင်းလိုက်ရန်၊ ဘုရားသခင်သည် အသစ်သောအံ့ဖွယ်အမှုများကို လုပ်ဆောင်နေသည်၊ တောက်ပသောလမ်းသစ် ဖောက်ပေးနေသည်ကို မြင်တတ်ရန်လိုကြောင်း ဖော်ပြထားသည်။ “ဖြစ်ဖူးသောအမှုတို့ကို မအောက်မေ့ကြနှင့်။ … ကြည့်ရှုလော့။ အမှုသစ်ကို ငါပြုမည်” (ဟေရှာ ၄၃:၁၈-၁၉)ဟု နှိုးဆော်ထားပါသည်။ ဘုရားရှင်သည် သံသယနှင့် အခက်အခဲတိုက်ပွဲများအတွင်း မျှော်လင့်ချက်အရင်းအမြစ် ဖြစ်သည်။ “အကြောင်းမူကား ငါရွေးကောက်သောသူ၊ ငါ၏လူတို့ သောက်စရာဖို့ တော၌ ရေများကိုလည်းကောင်း၊ လွင်ပြင်၌ မြစ်တို့ကိုလည်းကောင်း ပေးမည်”(:၂၀)။

ကျွန်ုပ်တို့ဘဝအတွက် ဘုရားရှင်ပြညွှန်သော လမ်းသစ်များကို ရူပါရုံ အမြင်သစ်ဖြင့် မြင်တွေ့နိုင်ပါသည်။ ဘုရားသခင်၏လမ်းသစ်များကို အသစ်သောအမြင်ဖြင့် ရှုမြင်ကြပါစို့။ ထို့နောက် အားယူကာ သခင်ယေရှုနောက်တော်သို့ ရဲရဲရင့်ရင့်လိုက်ပြီး နေရာသစ်သို့ ခြေလှမ်းသွားကြပါစို့။