Louis Zamperini (လူးဝစ်ဇန်ပါရီနီ)၏ စစ်လေယာဥ်သည် စစ်အတွင်း၌ ပင်လယ် ထဲသို့ ပျက်ကျခဲ့ပြီး လေယာဥ်ပေါ်ရှိ လူ ၁၁ ဦးတွင် ၈ ဦး သေဆုံးခဲ့သည်။ လူးဝစ်နှင့် ကျန်လူနှစ်ဦးတို့သည် အသက်ကယ်ဖောင်ပေါ်သို့ ဖက်တွယ်ကုပ်တက်ခဲ့ကြ သည်။ ငါးမန်းရန်ကို ခုခံကာကွယ်လိုက်၊ မုန်တိုင်းထဲမျောပါလိုက်၊ ရန်သူ့ လေယာဥ်မှ ကျည်ဆံများကိုရှောင်လိုက်၊ ငါးနှင့်ငှက်များကို အစိမ်းစားလိုက်နှင့် ပင်လယ်ထဲတွင် ၂ လ ကြာမျှ မျောနေခဲ့သည်။ နောက်ဆုံးကျွန်းတစ်ကျွန်း၌ ကမ်းတင်သွားပြီး ချက်ချင်းအဖမ်းခံလိုက်ရသည်။ ၂ နှစ်နီးပါးမျှ အရိုက်ခံရ၊ ညှဥ်းပမ်း နှိပ်စက်ခံရကာ စစ်သုံ့ပန်းအဖြစ် မညှာမတာ အလုပ်လုပ်ခဲ့ရသည်။ မှတ်သားဖွယ် သူ့အဖြစ်အပျက် များကို Unbroken (မကျိုးပဲ့ မပျက်စီးနိုင်) စာအုပ်တွင် ဖော်ပြထားပါသည်။

ယေရမိသည်လည်း ကျမ်းစာထဲရှိ မပြိုလဲမပျက်စီးသွားသောဇာတ်ကောင်များထဲမှ တစ်ဉီးဖြစ်သည်။ ရန်သူ၏လုပ်ကြံမှုများကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး (ယေ ၁၁:၁၈) ရိုက်ပုတ်ခြင်း၊ ထိတ်ခတ်ခြင်း ခံခဲ့ရသည် (၂၀:၂)၊ ရိုက်နှက်ပြီး လှောင်အိမ်ထဲ ချုပ်နှောင်ခံရသည် (၃၇:၁၅-၁၆)၊ မြေတွင်း၌ ကြိုးနှင့်လျော့ချခံရသည် (၃၈:၆)။ သူခံနိုင်ရည်ရှိပြီး အသက်ရှင်နိုင်ခဲ့သည်မှာ ဘုရားရှင်က သူနှင့်အတူရှိပြီး သူ့ကို ကယ်တင်မည်ဟူသော ကတိပေးထားခဲ့ခြင်းကြောင့်ဖြစ်သည် (၁:၈)။ အလားတူစွာ ကျွန်ုပ်တို့ကိုလည်း ဘုရားရှင် ထိုသို့သောကတိပေးထားပါသည်။ “ငါသည် သင့်ကိုမစွန့်၊ သင့်ကို အလျှင်းပစ်၍မထား” (ဟေ ၁၃:၅)ဟု ကတိရှိပါသည်။ ‘ပြဿနာ အခက်အခဲများမှ’ ကယ်တင်ပေးမည်ဟု ဘုရားရှင်သည် ယေရမိကိုရော ကျွန်ုပ်တို့ ကိုပါ ကတိပေးမထားပါ။ သို့သော် ‘အခက်အခဲပြဿနာများ အကြားတွင်’ ကျွန်ုပ်တို့ကို ပို့‌ဆောင်ပေးမည်ဖြစ်ကြောင်းကို ကတိပေးခဲ့ပါသည်။

လူးဝစ်သည် ဘုရားရှင်၏ကွယ်ကာမစခြင်းကို နားလည်လိုက်ရပြီး စစ်ပြီး သွားသောအခါ သူ့အသက်တာကို သခင်ယေရှုထံ ဆက်ကပ်ခဲ့သည်။ သူ့ကိုဖမ်းဆီး ခဲ့သူများကိုခွင့်လွှတ်ပေးခဲ့ပြီး အချို့ကို ခရစ်တော်ထံသို့ ပို့ဆောင်နိုင်ခဲ့သည်။ ပြဿနာများကို မရှောင်နိုင်သော်လည်း ထိုပြဿနာများကို တစ်ယောက်တည်း ရင်ဆိုင်ခံစားရန် မလိုကြောင်းကို လူးဝစ်နားလည်ခဲ့သည်။ သခင်ယေရှုနှင့်အတူ ရင်ဆိုင်သောအခါ ကျွန်ုပ်တို့ကို ချိုးဖဲ့ဖျက်စီး၍ မရတော့ပါ။